
ဒီဘရိုင်းကိုခေါ်ယူပြီးနောက် ဆန်ချိုကိုပါထပ်မံခေါ်ယူဖို့ ပစ်မှတ်ထားလာတဲ့ နာပိုလီ
အီတလီစီးရီးအေချန်ပီယံနာပိုလီဟာ မကြာသေးမီက မန်ချက်စတာစီးတီးကွင်းလယ်လူ ကယ်ဗင်ဒီဘရိုင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူခဲ့ပြီးဖြစ်ပေမယ့် ယခုအခါမှာတော့ နောက်ထပ်ပရီးမီးယားလိဂ်ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမား ဂျေဒန်ဆန်ချိုကို ပစ်မှတ်ထားလာခဲ့ပါတယ်။
နာမည်ကျော်ဂျာနယ်လစ် ဂီယန်လူကာဒီမာဇီယိုရဲ့အဆိုအရ နာပိုလီဟာ အသင်းရဲ့တောင်ပံကိုအင်အားဖြည့်တင်းဖို့ ဆန်ချိုကို အပြီးသတ်ဝယ်ယူနေတာဖြစ်တယ်လို့သိရပါတယ်။ ယူနိုက်တက်မှာ အောင်မြင်တဲ့ကစားသမားဘဝကိုပုံဖော်ဖို့ ကျရှုံးခဲ့တဲ့ ဆန်ချိုဟာ ပြီးခဲ့တဲ့ရာသီကလည်း အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာပြီး ချဲလ်ဆီးသို့အငှားစာချုပ်နဲ့ သွားရောက်ကစားခဲ့ပါတယ်။
ချဲလ်ဆီးအနေနဲ့ ဆန်ချိုကို ပေါင် ၂၅ သန်းနဲ့အပြီးသတ်ခေါ်ယူဖို့ အခွင့်အရေးရှိခဲ့ပေမယ့် လျော်ကြေးပေါင် ၅ သန်းပေးချေပြီး ယူနိုက်တက်သို့ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။ သတင်းတွေအရ ချဲလ်ဆီးဟာ ဆန်ချိုနဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီချက်တွေ မရရှိခဲ့တာကြောင့် အသင်းမှာဆက်လက်ထိန်းသိမ်းလိုခြင်းမရှိခဲ့ဘူးလို့သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီအတွင်းမှာတော့ ဆန်ချိုဟာ ချဲလ်ဆီးအတွက် ပြိုင်ပွဲစုံ ၅ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၁၀ ကြိမ်ပြုလုပ်ပြီး ယူရိုပါကွန်းဖရန့်လိဂ်ဖလားကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ စတုတ္ထနေရာမှာရပ်တည်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ပါတယ်။ ဆန်ချိုဟာ ယူနိုက်တက်နည်းပြဟောင်း အဲရစ်တန်ဟက်လက်ထက်မှာကတည်းက အသင်းနဲ့လမ်းခွဲခဲ့တာဖြစ်လို့ နည်းပြသစ်ရူဘင်အာမိုရင်အနေနဲ့လည်း အင်္ဂလန်သားကိုအသင်းမှာဆက်လက်အသုံးပြုသွားဖွယ်မရှိပါဘူး။ နာပိုလီအနေနဲ့ ဆန်ချိုကိုစိတ်ဝင်စားနေကြောင်းသတင်းတွေထွက်ပေါ်လာပေမယ့် အသင်းဟောင်း ဒေါ့မွန်ကလည်း ပြန်လည်ခေါ်ယူဖို့ စောင့်ကြည့်နေတာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်မှာ ပြောင်းရွှေ့ကြေးပေါင် ၇၂.၉ သန်းနဲ့အိုးလ်ထရက်ဖို့ဒ်သို့ရောက်ရှိလာခဲ့တဲ့ ဆန်ချိုကို ယူနိုက်တက်ဘက်ကတော့ ဆက်လက်အငှားချမှာမဟုတ်ဘဲ အပြီးသတ်ရောင်းချဖို့သာ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။