
နီကိုဝီလျံစ်ရဲ့ ပြဿနာအတွက် ဒေကိုကိုသာ အပြစ်တင်လိုက်တဲ့ လာပေါ်တာ
ဂျိုအန် လာပေါ်တာဟာ ဘာစီလိုနာအသင်း နီကို ဝီလျံစ်ကို ခေါ်ယူရန် ဘာကြောင့် မအောင်မြင်ခဲ့ရကြောင်း ရှင်းပြခဲ့ပြီး လူးဝစ် ဒီယက်ဇ် နဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ် တို့ကသာ သူအလိုရှိတဲ့စာရင်းမှာ အမြဲတမ်း ရှေ့ဆုံးကရှိနေခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။
နူးကမ့် သို့ ပြောင်းရွှေ့ရန် ကောလာဟလများ ထွက်ပေါ်ခဲ့သော်လည်း ကစားသမားရဲ့ ကိုယ်စားလှယ်က ကနဦး ကတိပေးခဲ့တဲ့ စည်းကမ်းချက်များနှင့် မကိုက်ညီခဲ့တာကြောင့် အပြောင်းအရွှေ့က ပျက်ပြားသွားခဲ့တာပါ။ အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ အက်သလက်တစ် ကလပ် နှင့် ၂၀၃၅ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးခဲ့ပြီး ပြောင်းရွှေ့ကြေးမှာ ယူရို ၅၈ သန်း (ပေါင် ၄၉ သန်း ၊ ဒေါ်လာ ၆၆ သန်း) မှ ယူရို ၉၅ သန်း (ပေါင် သန်း ၈၀ သန်း ၊ ဒေါ်လာ ၁၀၈ သန်း) ကျော်အထိ သိသိသာသာ တိုးမြှင့်ခဲ့ပါတယ်။
ကာတာလန်ကလပ်ကြီးဟာ နွေရာသီတစ်လျှောက်လုံး တောင်ပံကစားသမားသစ် ခေါ်ယူရန် ရွေးချယ်စရာများကို ရှာဖွေနေခဲ့ပါတယ်။ လာပေါ်တာက လီဗာပူး ကြယ်ပွင့် ဒီယက်ဇ် နှင့် ယူနိုက်တက်က ထွက်ခွာခဲ့တဲ့ ရက်ရှ်ဖို့ဒ် တို့ကသာ သူ့ရဲ့ ဦးစားပေးပစ်မှတ်တွေ ဖြစ်ကြောင်း အခုချိန်မှာ အခိုင်အမာ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ အားကစားဒါရိုက်တာ ဒေကိုက ဝီလျံစ်ရဲ့ ကိုယ်စားလှယ်ရဲ့ ကမ်းလှမ်းမှုကို နားထောင်ဖို့ သူ့ကို ဆွဲဆောင်ခဲ့ပြီး နောက်ဆုံးမှာတော့ အပြောင်းအရွှေ့ဟာ ပျက်ပြားသွားခဲ့ပါတယ်။
Mundo Deportivo သတင်းစာနဲ့ ပြောဆိုရာမှာ ဘာကာဥက္ကဌက "လူးဝစ် ဒီယက်ဇ်ကို ခေါ်ယူဖို့က ရှုပ်ထွေးပါတယ်၊ ကျွန်တော်တို့ ရက်ရှ်ဖို့ဒ်နဲ့လည်း ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ ဒါပေမဲ့ နီကို ဝီလျံစ်ရဲ့ ကိုယ်စားလှယ်က ကျွန်တော်တို့ဆီ ရောက်လာပြီး သူ့ကို ခေါ်ယူနိုင်မယ့် အခွင့်အရေးကို ကမ်းလှမ်းခဲ့ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
"ဒေကိုက နီကို ဝီလျံစ်ရဲ့ ကိုယ်စားလှယ်ရဲ့ ကမ်းလှမ်းမှု ကို နားထောင်သင့်တယ်လို့ ကျွန်တော့်ကို ပြောခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ဦးစားပေးကတော့ လူးဝစ် ဒီယက်ဇ် ဒါမှမဟုတ် ရက်ရှ်ဖို့ဒ်ပါ။ ဒီလိုအခြေအနေမျိုးမှာတော့ ကျွန်တော် အားကစားဒါရိုက်တာတွေကို အမြဲတမ်း ယုံကြည်ပါတယ်။ သူက သူ့ရဲ့ကမ်းလှမ်းချက်ကို နားထောင်သင့်တယ်လို့ ကျွန်တော့်ကို ပြောခဲ့ပါတယ်" လို့ လာပေါ်တာက ပြောကြားခဲ့ပါတယ်။
သူက "ကျွန်တော်တို့ကို ပြောပြခဲ့တဲ့ အရာတွေနဲ့ တကယ်ဖြစ်ပျက်ခဲ့တဲ့အရာတွေကြားမှာ ကြီးမားတဲ့ ကွာဟမှုတွေ ရှိခဲ့ပါတယ်။ ငွေပေးချေမှုအခြေအနေတွေ၊ ကိုယ်စားလှယ်ရဲ့ ကော်မရှင် အဲဒီပြောင်းရွှေ့မှု မဖြစ်မြောက်နိုင်ဘူးဆိုတာကို ညွှန်ပြနေတဲ့ အပြောင်းအလဲတွေ အများကြီး ရှိခဲ့ပါတယ်။ ဒေကိုက ၄၈ နာရီ နောက်ဆုံးထားသတ်မှတ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ ကျွန်တော်တို့ရဲ့ အခြေအနေတွေကို လက်မခံဘူးဆိုရင် ဒီပြောင်းရွှေ့မှုကို ဆက်လုပ်မှာ မဟုတ်ဘူးလို့ ပြောခဲ့လို့ပါပဲ။ နောက်ဆုံးမှာတော့ ပြောင်းရွှေ့မှု ပျက်ပြားသွားခဲ့ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
ဝီလျံစ်ဟာ အက်သလက်တစ်မှာ ဆက်ရှိနေပြီး ရက်ရှ်ဖို့ဒ်ရဲ့ ဘာစီလိုနာကို ပြောင်းရွှေ့မှုကလည်း အတည်ဖြစ်သွားပြီဖြစ်တဲ့အတွက် ကလပ်အနေနဲ့ လက်ရှိ တောင်ပံကစားသမား အခြေအနေအတိုင်း ရှေ့ဆက်သွားဖွယ်ရှိပါတယ်။ သူတို့ဟာ ၂၀၂၅-၂၆ ရာသီ လာလီဂါကို မာယော့ကာနဲ့ အဝေးကွင်းပွဲစဉ်အဖြစ် စတင်ကစားရမှာ ဖြစ်ပါတယ်။