ဒေါ့မွန်ကွင်းလယ်ကြယ်ပွင့် ဘယ်လင်ဟမ်ကို အငှားစာချုပ်နဲ့ခေါ်ယူဖို့ ပစ်မှတ်ထားလာတဲ့ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်ဟာ အသင်းရဲ့ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် အာရုံစိုက်နေပြီး လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာတော့ ဒေါ့မွန်ကြယ်ပွင့် ဂျို့ဘ်ဘယ်လင်ဟမ်ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့စနေနေ့က ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယူနိုက်တက်ဟာ မားသီးယက်စ်ကွန်ညာ၊ ကတ်စ်မဲရိုး၊ ဘရိုင်ဘန်အမ်ဘွေမိုတို့ရဲ့ဂိုးတွေနဲ့ ဘရိုက်တန်ကို ၃ ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပေမယ့် ကွင်းလယ်လူခံစစ်မှူး ကတ်စ်မဲရိုးထွက်ခွာသွားပြီးနောက်မှာတော့ ခံစစ်ပိုင်းအင်အားလျော့နည်းသွားကာ ၂ ဂိုးအထိ ပြန်လည်ခွင့်ပြုခဲ့ရပါတယ်။
သို့သော်လည်း အသင်းအတွက်အနိုင်သေချာစေမယ့်ဂိုးကို အမ်ဘွေမိုက အချိန်ပိုမိနစ်မှာသွင်းယူခဲ့တာကြောင့် ယူနိုက်တက်တို့ အသက်ရှူချောင်ခဲ့ကြတာလည်းဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ကွင်းလယ်မှာ ကိုဘီမိုင်နူးနဲ့ မန်နူရယ်အူဂါတေးတို့လို ကြယ်ပွင့်ကစားသမားတွေရှိပေမယ့် ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတာကြောင့် ယူနိုက်တက်ဟာ ၂ ဂိုးအထိပြန်ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။
ဒါကြောင့် လာမယ့်ဇန်နဝါရီမှာတော့ နည်းပြအာမိုရင်အနေနဲ့ ကွင်းလယ်ပိုင်းကို အဓိကအင်အားဖြည့်တင်းဖို့ အာရုံစိုက်ထားတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ယူနိုက်တက်ဟာ ကွင်းလယ်ကိုအင်အားဖြည့်တင်းဖို့အတွက် ဒေါ့မွန်ကွင်းလယ်လူ ဘယ်လင်ဟမ်ကိုပစ်မှတ်ထားနေတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့နွေရာသီက ဆန်းဒါးလန်းမှ ဒေါ့မွန်သို့ ယူရို ၂၅ သန်းနဲ့ပြောင်းရွှေ့သွားခဲ့တဲ့ ဘယ်လင်ဟမ်ဟာ ဂျာမနီမြေမှာတော့ ခြေစွမ်းပြသနိုင်ဖို့ရုန်းကန်နေရပြီး လက်ရှိရာသီမှာ အသင်းအတွက် ဘွန်ဒက်စ်လီဂါ ၂ ပွဲသာ ပွဲထွက်ပါဝင်ခွင့်ရထားတာဖြစ်ပါတယ်။ ဒါကြောင့် အင်္ဂလန်သားအနေနဲ့ ဂျာမန်မြေကိုစွန့်ခွာပြီး အင်္ဂလန်သို့ ပြန်လာချင်နေတယ်လို့လည်း သတင်းတွေထွက်ပေါ်ထားပါတယ်။
တစ်ချိန်တည်းမှာပဲ ယူနိုက်တက်ဟာ အက်သလက်တီကိုကွင်းလယ်ကြယ်ပွင့် ကော်နာဂယ်လာဟာကိုလည်း လာမယ့်ဇန်နဝါရီမှာ အပြီးသတ်ဝယ်ယူခွင့်ပါ အငှားစာချုပ်နဲ့ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့သိရပါတယ်။