The network connection is lost.

Banner Image

စည်းကမ်းချက်တစ်ခုအပေါ်မူတည်ပြီး ကတ်စ်မဲရိုးကို အသင်းမှာဆက်လက်ထားရှိဖို့ဆုံးဖြတ်သွားမယ့် ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ အသင်းရဲ့ဝါရင့်ကွင်းလယ်လူ ကတ်စ်မဲရိုးကို ယခုရာသီအကုန်မှာလည်း အိုးလ်ထရက်ဖို့ဒ်မှာဆက်လက်ထိန်းသိမ်းထားဖို့ ဆန္ဒရှိပေမယ့် စည်းကမ်းချက်တစ်ခုအပေါ်မူတည်ပြီး ဆုံးဖြတ်သွားမယ်လို့သိရပါတယ်။

နည်းပြရူဘင်အာမိုရင်ဟာ ယခုနှစ်ရာသီအကုန်မှာ ယူနိုက်တက်ရဲ့ကွင်းလယ်ပိုင်းကို ကြီးကြီးမားမားပြင်ဆင်ပြောင်းလဲမှုပြုလုပ်ဖို့ အာရုံစိုက်နေပြီး ကမ္ဘာ့အဆင့်ကစားသမားတစ်ဦးကိုခေါ်ယူဖို့ပစ်မှတ်ထားနေလို့ ကတ်စ်မဲရိုးရဲ့ယူနိုက်တက်ကစားသမားဘဝအနာဂတ်ဟာ မရေရာတဲ့အခြေအနေမှာရှိလာခဲ့ပြီဖြစ်ပါတယ်။ 

ဘရာဇီးသားဟာ ယူနိုက်တက်နဲ့ ၂၀၂၆ ခုနှစ်၊ ဇွန်လအထိစာချုပ်သက်တမ်းကျန်ရှိနေပေမယ့် စာချုပ်ပါသဘောတူညီချက်တွေအရ နောက်ထပ်တစ်နှစ်သက်တမ်းတိုးဖို့အခွင့်အရေးရှိပေမယ့် လောလောဆယ်ရရှိနေတဲ့ လုပ်ခလစာကိုတော့ လျှော့ယူသွားရဖို့ရှိနေပါတယ်။ ကတ်စ်မဲရိုးဟာ ပရီးမီးယားလိဂ်ရဲ့ လစာအများဆုံးကစားသမားစာရင်းမှာပါဝင်နေသူဖြစ်ပြီး အာမိုရင်အနေနဲ့ ရာသီကုန်မှာတော့ ကစားသမားရဲ့ လစာပမာဏကိုလျှော့ချပြီး အသင်းမှာဆက်လက်နေခွင့်ပြုဖို့ စဉ်းစားနေတာဖြစ်ပါတယ်။

ယခင်ကလည်း ယူနိုက်တက်ဟာ အသင်းရဲ့ဝါရင့်ဂိုးသမား ဒေးဗစ်ဒီဂီယာကို လစာလျှော့ချပြီး အိုးလ်ထရက်ဖို့ဒ်မှာဆက်လက်ထားရှိဖို့ပြင်ဆင်ခဲ့ပေမယ့် ဒီဂီယာကသဘောမတူညီခဲ့တာကြောင့် အသင်းကနေထွက်ခွာခဲ့ရတာဖြစ်ပြီး ကတ်စ်မဲရိုးအနေနဲ့လည်း ယခုအခါမှာ ဒီဂီယာရဲ့လမ်းစဉ်အတိုင်း လစာလျှော့ချခံရဖို့ရှိနေတာဖြစ်ပါတယ်။ 

ဒါ့အပြင် မားကပ်စ်ရက်ရှ်ဖို့ဒ်နဲ့ ရာဖေးလ်ဗာရာနီတို့ကလည်း ယူနိုက်တက်ရဲ့လစာလျှော့ချရေးအစီအစဉ်တွေကြောင့် အိုးလ်ထရက်ဖို့ဒ်နဲ့လမ်းခွဲခဲ့ကြတာဖြစ်ပါတယ်။ ESPN ရဲ့ဖော်ပြချက်အရ ကတ်စ်မဲရိုးဟာ ယူနိုက်တက်မှာဆက်လက်နေထိုင်ဖို့ ဆန္ဒရှိနေတာကြောင့် လစာလျှော့ယူသွားရဖွယ်ရှိနေပေမယ့် နည်းပြရူဘင်အာမိုရင်ကတော့ ကစားသမားကို ဆက်လက်ထိန်းသိမ်းထားလိုဆဲဖြစ်ပါတယ်။

လက်ရှိယူနိုက်တက်ရဲ့ကွင်းလယ်ပိုင်းဟာ အခြားပရီးမီးယားလိဂ်ထိပ်သီးကလပ်တွေနဲ့နှိုင်းယှဉ်လိုက်ပါက သိသိသာသာအင်အားလျော့နည်းနေတာဖြစ်လို့ အာမိုရင်အနေနဲ့ လာမယ့်နွေရာသီမှာ နာမည်ကျော်ကွင်းလယ်လူတစ်ဦးကိုခေါ်ယူဖို့ စိတ်အားထက်သန်နေတာဖြစ်ပါတယ်။ မန်နူရယ်ယူဂါတီက ခြေစွမ်းပိုင်းကျဆင်းနေသလို၊ ကိုဘီမိုင်နူးကလည်း အနာဂတ်မရေမရာဖြစ်နေခဲ့ပေမယ့် ပြီးခဲ့တဲ့နွေရာသီမှာယူနိုက်တက်ဟာ ကွင်းလယ်လူသစ်တစ်ဦးခေါ်ယူနိုင်ခဲ့ခြင်းမရှိပါဘူး။ 

လောလောဆယ်ယူနိုက်တက်ကပစ်မှတ်ထားနေတဲ့ ကွင်းလယ်ကြယ်ပွင့်စာရင်းထဲမှာ ဘရိုက်တန်မှ ဘာလီဘာနဲ့ ခရစ္စတယ်ပဲလေ့စ်မှ အဒမ်ဝှာတန်တို့ရှိနေတယ်လို့ သတင်းတွေကဖော်ပြထားပါတယ်။ သို့သော်လည်း ဘရိုက်တန်က ဘာလီဘာကို လုံးဝရောင်းချမှာမဟုတ်ကြောင်း အသိပေးထားသလို၊ ပဲလေ့စ်ကလည်း ဝှာတန်ကို မြင့်မားတဲ့ဈေးနှုန်းနဲ့သာရောင်းချဖို့ ဆုံးဖြတ်ထားပါတယ်။ 

ပြီးခဲ့တဲ့ရာသီက ပဲလေ့စ်အတွက် အက်ဖ်အေဖလားဆွတ်ခူးပေးထားနိုင်ခဲ့တဲ့ ဝှာတန်ကို လီဗာပူး၊ မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်တို့လိုအသင်းကြီးတွေကလည်း ပစ်မှတ်ထားနေတာကြောင့် ယူနိုက်တက်အနေနဲ့ စောစောစီးစီးလက်ဦးမှုရယူဖို့လိုအပ်နေပါတယ်။ အာမိုရင်အနေနဲ့တော့ ကတ်စ်မဲရိုးကို အသင်းမှာဆက်လက်ထိန်းသိမ်းဖို့ဆန္ဒရှိနေဆဲဖြစ်ပေမယ့် ယူနိုက်တက်က ကစားသမားရဲ့လစာပမာဏကို တစ်ဝက်လောက်အထိလျှော့ချဖို့ပြင်ဆင်ထားတာဖြစ်ပါတယ်။ 

ဘရာဇီးဝါရင့်ကွင်းလယ်လူကို ဆော်ဒီပရိုလိဂ်ကလပ်တွေနဲ့ ဘရာဇီးလ်ကလပ်တွေကပစ်မှတ်ထားနေကြပြီး လာမယ့်ဇန်နဝါရီမှာပဲ အကြိုသဘောတူညီစာချုပ်ချုပ်ဆိုဖို့ ကြိုးစားလာနိုင်ချေရှိနေပါတယ်။ ဒါကြောင့် ကတ်စ်မဲရိုးအနေနဲ့ လစာလျှော့ယူပြီး ယူနိုက်တက်မှာပဲဆက်နေမလား လစာကြီးကြီးမားမားရယူဖို့ အိုးလ်ထရက်ဖို့ဒ်ကနေထွက်ခွာသွားမလားဆိုတာစောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ လာမယ့်တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ လီဗာပူးကို အန်ဖီးလ်မှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး အဆိုပါပွဲစဉ်မှာ ရလဒ်ကောင်းကိုပုံဖော်နိုင်ပါက အာမိုရင်အတွက် ဖိအားတွေထပ်မံလျော့ကျလာဖို့ရှိနေပါတယ်။