The network connection is lost.

Banner Image

ဒီဘရိုင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူလိုက်ကြောင်း နာပိုလီကြေညာ

နာပိုလီအသင်းဟာ မန်စီးတီးနဲ့လမ်းခွဲခဲ့တဲ့ ဝါရင့်ကွင်းလယ်လူ ကယ်ဗင်ဒီဘရိုင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုက်ပြီဖြစ်ကြောင်း ကြာသပတေးနေ့မှာ တရားဝင်ကြေညာလာခဲ့ပါတယ်။ ESPN သတင်းတွေအရ ဒီဘရိုင်းကို ပရီးမီးယားလိဂ်ထိပ်သီးကလပ်တွေသာမက ဂျာမန်ဘွန်ဒက်စ်လီဂါ၊ မေဂျာလိဂ်နဲ့ ဆော်ဒီပရိုလိဂ်ကလပ်တွေကပါ ချိတ်ဆက်မှုတွေပြုလုပ်ခဲ့ကြပေမယ့် ဘယ်လ်ဂျီယံသားဟာ နာပိုလီကိုသာ ရွေးချယ်ခဲ့တယ်လို့သိရပါတယ်။ 

အသက်-၃၃ နှစ်အရွယ်ကစားသမားဟာ သူ့ရဲ့မန်စီးတီးကစားသမားဘဝအပိတ်ပွဲစဉ်အဖြစ် ဖူလ်ဟမ်နဲ့ပွဲမှာ ပါဝင်ကစားခဲ့ပြီး အနိုင်ရလဒ်ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ နာပိုလီဟာ ဒီဘရိုင်းကိုခေါ်ယူလိုက်ပြီဖြစ်ကြောင်း ကစားသမားရဲ့ပုံနဲ့တကွ ဖော်ပြခဲ့ပြီး ကလပ်ဥက္ကဌ အူရီလီယိုဒီလော်ရန်တီစ်ကလည်း ကြိုဆိုကြောင်း ပြောကြားခဲ့ပါတယ်။ 

ဒီဘရိုင်းဟာ မန်စီးတီးနဲ့အတူ ၁၀ နှစ်ကြာနေထိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်ဆွတ်ခူးခဲ့ကာ ချန်ပီယံလိဂ်ဆုဖလားကိုလည်း ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ ယခုအခါမှာတော့ ဘယ်လ်ဂျီယံသားဟာ လက်ရွေးစင်အသင်းဖော်ဖြစ်တဲ့ ရိုမီလူလူကာကူနဲ့ အီတလီမြေမှာတွဲဖက်ကစားခွင့်ရသွားမှာဖြစ်ပါတယ်။ 

မန်စီးတီးအနေနဲ့လည်း အသင်းကို ကာလရှည်အကူအညီပေးခဲ့တဲ့ဒီဘရိုင်းကို ကလပ်ဂန္ထဝင်အဖြစ်သတ်မှတ်ပြီး အိမ်ကွင်း အီတီဟတ်ရဲ့အရှေ့မှာ ကစားသမားရဲ့ပုံတူရုပ်ထုတစ်ခုထားရှိပြီး ဂုဏ်ပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီမှာ နာပိုလီဟာ အသင်းရဲ့အဓိကတောင်ပံကစားသမား ခဗာရက်စ်ခီလီယာကို ပီအက်စ်ဂျီထံရောင်းချခဲ့ပေမယ့် သိသိသာသာအင်အားလျော့နည်းသွားခြင်းမရှိဘဲ စီးရီးအေဆုဖလားကိုတော့ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ 

လာမယ့်ရာသီမှာတော့ ဒီဘရိုင်းတစ်ယောက် ပရီးမီးယားလိဂ်ကြယ်ပွင့်ဟောင်းတွေဖြစ်တဲ့ စကော့မက်တိုမီနေး၊ ဘီလီဂီမောလ်တို့နဲ့အတူ အီတလီမြေမှာ အောင်မြင်မှုတွေရရှိသွားဦးမလား စောင့်ကြည့်ရပါမယ်။