The network connection is lost.

Banner Image

ပက်ဂွါဒီယိုလာနဲ့ ကွန်တီအကြား အဓိကကွာခြားချက်နှစ်ခုကို ထုတ်ပြောပြလာတဲ့ ဒီဘရိုင်း

နာပိုလီကစားသမားသစ်ဒီဘရိုင်းက ပက်ဂွါဒီယိုလာနဲ့ ကွန်တီအကြား အဓိကကွာခြားချက်နှစ်ခုအကြောင်းကို ဖွင့်ဟလာခဲ့ပါတယ်။ အခုနွေရာသီ၊ မန်စီးတီးမှထွက်လာခဲ့တဲ့ ဒီဘရိုင်းက နာပိုလီဆီ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာပြီး ကွန်တီရဲ့အသင်းအတွက် ခြေစမ်းပွဲစဉ်အချို့မှာ မိနစ်အနည်းငယ်ပါဝင်ကစားပေးခဲ့ပါတယ်။ ဘယ်လ်ဂျီယံကွင်းလယ်ဖန်တီးရှင်က ဂျန့်ခ်၊ ချဲလ်ဆီး၊ ဝါဒါဘရီမင်၊ ဝုဖ်ဘတ်နဲ့ မန်စီးတီးတို့မှာ ကစားသမားဘဝခရီးလမ်းကို ဖြတ်သန်းခဲ့ပြီး မော်ရင်ဟို၊ ပယ်လီဂရီနီ၊ ဒီယက်တာဟက်ကင်းတို့လို နာမည်ကျော်နည်းပြတွေနဲ့ လက်တွဲခဲ့ဖူးပါတယ်။ ဒီနောက်မှာတော့ သူက ပက်ဂွါဒီယိုလာရဲ့မန်စီးတီးနဲ့အတူ အောင်မြင်တဲ့ကာလတစ်ခုကို ဖန်တီးနိုင်ခဲ့ပါတယ်။ အသက်-၃၄ နှစ်အရွယ်ကစားသမားက ပက်ဂွါဒီယိုလာလက်အောက် ရှစ်နှစ်ကြာကစားခဲ့ပြီး ၂၀၂၃ ခုနှစ်ချန်ပီယံလိဂ်ဆုဖလားအပါအဝင် ဆုဖလားများစွာ အနိုင်ရရှိခဲ့ပါတယ်။ အခုနွေရာသီကာလအတွင်း ပရီးမီးယားလိဂ်ကလပ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့တဲ့ ဒီဘရိုင်းက ကွန်တီနဲ့ အသင်းဖော်ဟောင်းလူကာကူတို့ရှိရာ စီးရီးအေရပ်ဝန်းဆီ သွားရောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သီတင်းပတ်အနည်းငယ်အကြာမှာပဲ သူက နည်းပြဟောင်းနဲ့ လက်ရှိနည်းပြသစ်တို့အကြား အဓိကကွာခြားချက်အချို့ကို လေ့လာနိုင်ခဲ့ပါတယ်။

Corriere dello Sport နဲ့အင်တာဗျူးအစီအစဉ်တစ်ခုမှာ ပက်ဂွါဒီယိုလာလက်အောက်နဲ့ ကွန်တီလက်အောက် အလုပ်လုပ်ကိုင်ရပုံမတူညီမှုနဲ့ပတ်သက်ပြီး  ဒီဘရိုင်းက “ ပြောရမယ်ဆိုရင် သူတို့နှစ်ဦးမှာ မတူညီတဲ့ ကစားဟန်နှစ်မျိုးစီ ရှိကြပါတယ်။ ပက်ဂွါဒီယိုလာက ဘောလုံးပိုင်ဆိုင်မှုထိန်းချုပ်ဖို့ ပိုအားထုတ်လေ့ရှိပေမယ့် ကွန်တီကတော့ စိတ်ဓါတ်ပိုင်းအပေါ် အဓိကအာရုံစိုက်ကာ ပွဲစဉ်တွေကို တည်ဆောက်သွားလေ့ရှိပါတယ်။ ပက်ဂွါဒီယိုလာကတော့ ဇုန်နယ်အလိုက်ကစားရခြင်းကို ပိုအသားပေးပါတယ်။ ဒီနေရာမှာ မတူညီတဲ့အရာနှစ်ခု ရှိပါတယ်။ ဒါပေမဲ့ ဘယ်နည်းပြမဆို ကိုယ်ပိုင်နည်းလမ်းနဲ့ စရိုက်လက္ခဏာတွေ ရှိကြပါတယ်”လို့ ပြောပါတယ်။ ဆက်လက်ပြီး စီးရီးအေရပ်ဝန်းမှာရရှိခဲ့တဲ့ ခမ်းခမ်းနားနားကြိုဆိုမှုအကြောင်း ဒီဘရိုင်းဆီ မေးမြန်းခဲ့ပါတယ်။ ဒီလိုကြိုဆိုမှုမှာ ဘယ်လ်ဂျီယံကြယ်ပွင့်ကို အချို့ပရိသတ်တွေက “ ဘုရင်ကြီး ”ဆိုပြီး တင်စားသွားခဲ့ပါတယ်။

ဒီဘရိုင်းက “ ကျွန်တော်က ဘုရင်ကြီးမဟုတ်ပါဘူး။ ဘောလုံးသမားတစ်ဦးသာ ဖြစ်ပါတယ်။ ကျွန်တော်က အချို့ကိစ္စတွေအပေါ် အာရုံမစိုက်တတ်ပါဘူး။ ကိုယ့်အလုပ်ကိုယ်ပဲ တက်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် ကြိုစားလေ့ရှိပါတယ်။ ဒါပေမဲ့ အခုလိုကြိုဆိုပေးမှုအတွက် တန်ဖိုးထားကျေးဇူးတင်မိပါတယ်။ ကျွန်တော့်ရဲ့ ပုံစံကောင်းတွေ ဆက်လက်သယ်ဆောင်လာနိုင်ဖို့အတွက်လည်း မျှော်လင့်ထားပါတယ်”လို့ ဆိုပါတယ်။

စီးရီးအေပွဲဦးထွက်ကို မကြာခင်မှာပဲ ရရှိလာနိုင်တဲ့ ဒီဘရိုင်းက နာပိုလီနဲ့အတူ စကူဒက်တိုချန်ပီယံဆုရရှိအောင် ကြိုးစားသွားနိုင်ဖို့ မျှော်လင့်နေပါလိမ့်မယ်။ ဝါရင့်ကွင်းလယ်ဖန်တီးရှင်က ကွန်တီလက်အောက်မှာ ချန်ပီယံလိဂ်အောင်မြင်မှုရယူနိုင်ဖို့လည်း အာရုံစိုက်နေပါလိမ့်မယ်။