
ပရီးမီးယားလိဂ်မှ တန်းဆင်းခဲ့ပြီးနောက် ကလပ်ကို တတ်နိုင်သလောက် အကောင်းဆုံးနေရာမှာထားဖို့က သူ့တာဝန်ဖြစ်တယ်လို့ ဆိုလာတဲ့ နစ္စတယ်ရွိုင်း
လက်စတာနည်းပြ ဗန်နစ္စတယ်ရွိုင်းက တနင်္ဂနွေနေ့ညက လီဗာပူးကို ၀-၁ နဲ့ရှုံးနိမ့်ကာ ပရီးမီးယားလိဂ်မှ တန်းဆင်းခဲ့ပြီးနောက် ကလပ်ကို တတ်နိုင်သလောက် အကောင်းဆုံးနေရာမှာ ထားဖို့က သူ့တာဝန်ဖြစ်တယ်လို့ ပြောကြားလာခဲ့ပါတယ်။ အဆိုပါရှုံးပွဲကြောင့် လက်စတာဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၉ နေရာမှာ ရပ်တည်နေပြီး ချန်ပီယံရှစ်သို့တန်းဆင်းဖို့ သေချာခဲ့ပြီဖြစ်ပါတယ်။
နစ္စတယ်ရွိုင်းဟာ လက်စတာကို ပရီးမီးယားလိဂ်ပွဲ ၂၀ ကိုင်တွယ်ရာမှာ နိုင်ပွဲ ၂ ပွဲသာရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ လီဗာပူးကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ဟာ ယခုရာသီ လက်စတာရဲ့ ၉ ပွဲဆက်တိုက် အိမ်ကွင်းရှုံးပွဲဖြစ်ခဲ့ပြီး နစ္စတယ်ရွိုင်းရဲ့အသင်းဟာ အဆိုပါ ၉ ပွဲစလုံး ဂိုးသွင်းနိုင်ခဲ့ခြင်းမရှိပါဘူး။ ပွဲအပြီးမှာ နစ္စတယ်ရွိုင်းက “ဒီလိုအခြေအနေတွေကို ကျွန်တော်တို့ အတူတူဖြတ်ကျော်ဖို့ ကြိုးစားသွားပါမယ်။ ကလပ်က ဆက်သွားနေဦးမှာဖြစ်ပြီး ကလပ်ကို တတ်နိုင်သလောက် အကောင်းဆုံးနေရာပို့ပေးဖို့က ကျွန်တော့်တာဝန်ပါ” လို့ပြောကြားခဲ့ပါတယ်။
လက်စတာမှာ ဆက်လက်နေထိုင်ဦးမှာလားဆိုတဲ့မေးခွန်းကို နယ်သာလန်သားနည်းပြက “ဆက်နေဖို့ မျှော်လင့်ပါတယ်။ မကြာခင်မှာပဲ ရာသီသစ်စတင်တော့မှာဖြစ်ပြီး ရှေ့ဆက်နိုင်ဖို့ ပြင်ဆင်မှုတွေပြုလုပ်သွားရပါမယ်။ အချိန်ကြာလာတာနဲ့အမျှ ပိုကောင်းလာမှာပါ” လို့ဖြေကြားခဲ့ပါတယ်။ လီဗာပူးနဲ့ပွဲစဉ်မှာ လက်စတာဟာ ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ပြီး အပြုသဘောဆောင်ခဲ့ပေမယ့် ရလဒ်ပိုင်းမှာတော့ ရှုံးနိမ့်သွားခဲ့တာဖြစ်ပါတယ်။ နစ္စတယ်ရွိုင်းက “ကျွန်တော်အရမ်းစိတ်ပျက်မိပါတယ်။ ကျွန်တော်တို့ မျှော်လင့်ချက်ကြီးကြီးနဲ့တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေကတည်းက အမှတ်ကွာဟမှုတွေ ကြီးထွားနေတာကို သိခဲ့ကြပါတယ်”
“နောက်ရာသီ ချန်ပီယံရှစ်မှာ ကျွန်တော်အသင်းအတွက် အကောင်းဆုံးလုပ်သွားနိုင်ဖို့ မျှော်လင့်ပါတယ်။ ကလပ်အနေနဲ့ ဘယ်လိုဆုံးဖြတ်မယ်ဆိုတာကို ကျွန်တော် စောင့်မျှော်နေပါတယ်” လို့ပြောကြားခဲ့ပါတယ်။