ချဲလ်ဆီးရဲ့ တည်ငြိမ်မှုမရှိတဲ့ခြေစွမ်းကြောင့် မာရက်စ်ကာကို နဗီးလ်ဝေဖန်
မန်ချက်စတာယူနိုက်တက်နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က လက်ရှိရာသီ ချဲလ်ဆီးအနေနဲ့ တည်ငြိမ်တဲ့ခြေစွမ်းကိုမထိန်းသိမ်းနိုင်ခြင်းမှာ နည်းပြအန်ဇိုမာရက်စ်ကာရဲ့ စီမံခန့်ခွဲပုံအားနည်းချက်တွေကြောင့်ဖြစ်တယ်လို့ ဝေဖန်ပြောကြားလာခဲ့ပါတယ်။ ပြီးခဲ့တဲ့စနေနေ့က ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချဲလ်ဆီးဟာ ဆန်းဒါးလန်းကို ၁-၀ နဲ့ဦးဆောင်ပြီးကာမှ ခြေစွမ်းပိုင်းစွမ်းဆောင်ရည်ကျဆင်းမှုတွေကြောင့် ပွဲအပြီးမှာ ၁-၂ နဲ့အရေးနိမ့်ခဲ့ပါတယ်။ လက်ရှိပရီးမီးယားလိဂ် ၉ ပွဲကစားပြီးချိန်မှာ ချဲလ်ဆီးဟာ ရမှတ် ၁၄ မှတ်သာရရှိထားပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၉ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
ချဲလ်ဆီးအနေနဲ့ ဆန်းဒါးလန်းကို အလီဂျန်ဒရိုဂါနာချိုရဲ့သွင်းဂိုးနဲ့ စောစောစီးစီးဦးဆောင်နိုင်ခဲ့ပေမယ့် အခွင့်အရေးတွေအသုံးမချနိုင်ခဲ့သလို နောက်တန်းပိုင်းအားနည်းချက်တွေနဲ့ ပြိုင်ဘက်ရဲ့တိုက်စစ်ကိုလည်း မထိန်းချုပ်နိုင်ခဲ့တာကြောင့် စတန်းဖို့ဒ်ဘရစ်ချ်မှာ ရှုံးပွဲကြုံခဲ့ရတာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာ ပွဲထွက်ပါဝင်ခွင့်ရခဲ့တဲ့ တိုက်စစ်မှူးလေး မာ့ခ်ဂွီယူကလည်း ပွဲစဉ်တစ်လျှောက်လုံး ခြေစွမ်းပြသဖို့ရုန်းကန်ခဲ့ရသလို၊ အခွင့်အရေးတွေကိုလည်း ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ခြင်းမရှိပါဘူး။
ယခုအခါမှာ ဂယ်ရီနဗီးလ်က "ချဲလ်ဆီးက ခြေစွမ်းတည်ငြိမ်မှုမရှိပါဘူး။ အသင်းမှာ လိုချင်တဲ့ကစားသမားတွေနဲ့ စိတ်ချရတဲ့ကစားသမားမျိုးတွေ အများကြီးခေါ်ယူခဲ့ပေမယ့် တသမတ်တည်းဖြစ်တဲ့စွမ်းဆောင်ရည်ကို မထိန်းသိမ်းနိုင်သေးပါဘူး။ ပြီးတော့ လီဗာပူး၊ မန်ချက်စတာယူနိုက်တက်နဲ့ မန်ချက်စတာစီးတီးတို့ကလည်း ချဲလ်ဆီးလိုပဲ ခြေစွမ်းတည်ငြိမ်ဖို့ရုန်းကန်နေရပါတယ်။ ဒါကိုအဖြေရှာကြဖို့လိုပါတယ်"
"ပြီးခဲ့တဲ့အပတ်က လီဗာပူးနဲ့ပွဲစဉ်မှာတော့ ချဲလ်ဆီးက အရမ်းကောင်းခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်နဲ့တုန်းကတော့ အတော်လေးခြေစွမ်းကျဆင်းခဲ့ပါတယ်။ ဒါကြောင့် ခြေစွမ်းတည်ငြိမ်မှုကို မထိန်းသိမ်းနိုင်ဘူးဆိုတာ အသိသာကြီးပါ။ ပိုက်ဆံတွေအများကြီးသုံးပြီး ကစားသမားသစ်တွေခေါ်ထားပေမယ့် မန်နေဂျာက ကစားသမားတွေကို အပြည့်အဝအသုံးမချနိုင်ဖြစ်နေပါတယ်"
"မန်နေဂျာက ကစားသမားသစ်တွေအများကြီးခေါ်ယူပြီး အသင်းကိုအင်အားဖြည့်တင်းထားပေမယ့် အဲဒီကစားသမားတွေကို ပြည့်ပြည့်ဝဝအသုံးမချပါဘူး။ ဒါကြောင့်ပဲ တသမတ်တည်းဖြစ်တဲ့ခြေစွမ်းမျိုးကို ထိန်းသိမ်းဖို့ခက်ခဲနေတာပါ။ လွန်ခဲ့တဲ့ ၅ နှစ်၊ ၆ နှစ်အတွင်း ပရီးမီးယားလိဂ်မှာ ကမ္ဘာ့အကောင်းဆုံးနည်းပြတွေရှိခဲ့ကြပေမယ့် ပက်ဂွါဒီယိုလာကလွဲပြီး အားလုံး တစ်ယောက်ပြီးတစ်ယောက်ထွက်ခွာသွားကြရပါတယ်။ ဒါက အသင်းတည်ငြိမ်မှုမရှိလို့ပါ" လို့ပြောကြားခဲ့ပါတယ်။