The network connection is lost.

Banner Image

ဂျူဗင်တပ်စ်ကိုကိုင်တွယ်ဖို့ စိတ်ဝင်စားကြောင်း အရိပ်အမြွက်ပြောကြားလာတဲ့ စပယ်လက်တီ

အသင်းလက်မဲ့ဖြစ်နေတဲ့ လူစီယာနိုစပယ်လက်တီဟာ ဂျူဗင်တပ်စ်နည်းပြသစ်ဖြစ်လာမယ်လို့ ရေပန်းစားနေသူဖြစ်ပြီး ယခုအခါမှာ စပယ်လက်တီကိုယ်တိုင်က ဂျူဗင်တပ်စ်ကိုကိုင်တွယ်ခွင့်ရတဲ့နည်းပြဟာ ကံကောင်းတဲ့နည်းပြဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။ 

ဂျူဗင်တပ်စ်ဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၈ ပွဲမှာ ၅ ပွဲဆက်တိုက်သရေကျကာ ၃ ပွဲအထိရှုံးနိမ့်ပြီးနောက် အသင်းရဲ့နည်းပြ အီဂေါ်တူဒေါ်ကို ရာထူးကနေထုတ်ပယ်ခဲ့ပြီး ယခုအခါမှာ နည်းပြသစ်နဲ့အစားထိုးခန့်အပ်ဖို့ ထိပ်တန်းနည်းပြတစ်ဦး ရှာဖွေနေတာဖြစ်ပါတယ်။ 

သတင်းတွေအရ ဂျူဗင်တပ်စ်ဟာ အီတလီနဲ့ နာပိုလီမန်နေဂျာဟောင်း စပယ်လက်တီကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ စိတ်ဝင်စားနေတယ်လို့သိရပြီး ရော်ဘတ်တို မန်စီနီကိုလည်း ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ ယခုအခါမှာ ဂျူဗင်တပ်စ်ရဲ့ချိတ်ဆက်မှုတွေနဲ့ပတ်သက်ပြီး မေးမြန်းမှုပြုလုပ်ခဲ့ရာ စပယ်လက်တီက "ကျွန်တော့်ကိုသူတို့ချိတ်ဆက်နေတာတော့မှန်ပါတယ်။ ဂျူဗင်တပ်စ်နဲ့ပတ်သက်ပြီး ကျွန်တော်ပြောချင်တာကတော့ သူတို့ထုတ်ပယ်လိုက်တဲ့ တူဒေါ်က စိတ်ဓာတ်ပြင်းထန်ပြီး တန်ဖိုးရှိတဲ့လူတစ်ယောက်ဆိုတာပါပဲ"

"ကျွန်တော်တူဒေါ်နဲ့အလုပ်တွဲလုပ်ခဲ့ဖူးပြီး သူ့ဆီကအထင်ကြီးစရာစွမ်းဆောင်ချက်တွေကို ကျွန်တော်မြင်တွေ့ခဲ့ရပါတယ်။ သူက ဘောလုံးကို နှလုံးသားနဲ့ရင်းပြီးချစ်တဲ့သူပါ" လို့ပြောကြားခဲ့ပါတယ်။  ဆက်လက်ပြီး အသက်-၆၆ နှစ်အရွယ်နည်းပြက "တူဒေါ်နေရာမှာ အစားထိုးဝင်ရောက်မယ့်ဘယ်သူမဆို ကံကောင်းမှာပါ။ တူဒေါ်ရဲ့အသင်းကိုအများကြီးပြင်ဆင်နေစရာမလိုပါဘူး။ ဂျူဗင်တပ်စ်က ကြီးကျယ်ခမ်းနားတဲ့သမိုင်းကြောင်းတွေပြည့်နှက်နေတဲ့ အသင်းကြီးတစ်သင်းပါ။ ဘယ်နည်းပြမဆို ဂျူဗင်တပ်စ်ကိုကိုင်တွယ်ဖို့ ငြင်းမှာမဟုတ်ပါဘူး။ ကံကောင်းတဲ့နည်းပြကတော့ အဲဒီကိုရောက်မှာပါ" လို့ပြောကြားခဲ့ပါတယ်။

ကြာသပတေးနေ့မှာတော့ ဂျူဗင်တပ်စ်ဟာ စီးရီးအေပွဲစဉ်အဖြစ် အူဒီးနီစ်ကို အိမ်ကွင်းမှာဧည့်ခံကစားသွားရမှာဖြစ်ပြီး ၈ ပွဲဆက်နိုင်ပွဲပျောက်ဆုံးမှုကနေ ရုန်းထွက်လာနိုင်မလား စောင့်ကြည့်ရပါမယ်။