The network connection is lost.

Banner Image

ဆရာဖြစ်သူကို ချီးကျူးပြောကြားလာတဲ့ ယူနိုက်တက်စတား

ယူနိုက်တက်အသင်းနောက်ခံလူ လုခ်ရှောက အဆင်မပြေတဲ့ပတ်ဝန်းကျင်ကို အဆင်ပြေအောင် လုပ်ဆောင်ပေးနေတဲ့ နည်းပြ အာမိုရင်ကို ချီးကျူးပြောကြားလိုက်ပါတယ်။ အင်္ဂလန်သားဟာ ယူနိုက်တက်နဲ့နောက်ဆုံး ၁၁ နှစ်တာကာလအတွင်းမှာ မတူညီတဲ့နည်းပြ ၆ ယောက်နဲ့ လက်တွဲခဲ့ရတာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ အာမိုရင်မရောက်ခင်ကတည်းကအနုတ်လက္ခဏာဆောင်တဲ့ပတ်ဝန်းကျင်တစ်ခုအဖြစ် ရှိနေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာမိုရင်ရောက်လာချိန်မှာတော့ အနည်းငယ်လောက် တိုးတက်မှုတွေရှိလာခဲ့ပါတယ်။ ၂၀၂၄ - ၂၅ ရာသီကို ဒဏ်ရာပြဿနာတွေကြောင့် လွဲချော်ခဲ့တဲ့ ရှောက အာမိုရင်လက်အောက် ရာသီသစ်မှာ အကောင်းဆုံးစတင်နိုင်ဖို့ ပြင်ဆင်နေပါတယ်။ ယူနိုက်တက်နဲ့အတူ အမေရိကမြေမှာ ရာသီကြိုခရီးစဉ်ထွက်ခွာနေချိန် နည်းပြ အာမိုရင်ကို ချီးကျူးလိုက်ပါတယ်။ 

“အပြင်ဘက်ကနေကြည့်ရတာ မခက်ခဲပါဘူး။ ပြီးခဲ့တဲ့နှစ်အနည်းငယ်တုန်းက ကျွန်တော်ဒီမှာ အချိန်အတော်ကြာရှိခဲ့ပါတယ်။ အဲ့တုန်းက တော်တော်လေးအနုတ်လက္ခဏာဆောင်ပါတယ်။ တော်တော်လေးကို အနုတ်လက္ခဏာဆောင်တဲ့ပတ်ဝန်းကျင်ဖြစ်ခဲ့တာပါ။ အဲ့တာက အားလုံးမပျော်မရွှင်ဖြစ်နေပါတယ်။ ကျွန်တော်တို့ အဆင်ပြေတဲ့ပတ်ဝန်းကျင်လိုအပ်ခဲ့တာပါ။ အဲ့တာက ကောင်းမွန်ပြီး ပျော်ရွှင်တာမျိုးလိုအပ်တာပါ။ ဒီလိုအရာတွေကို ကျွန်တော်တွေးဖြစ်ပါတယ်။ ခင်ဗျားအနေနဲ့ လွတ်လပ်တာကို ခံစားရပါတယ်။ အခြေအနေတွေကို အတူတူကျော်ဖြတ်ရမယ်လို့ ထင်ပါတယ်။

အထူးသဖြင့် ရာသီကြိုခရီးစဉ်မှာ အသင်းတစ်သင်းအနေနဲ့ လုပ်ဆောင်ရမှာပါ။ အခုဆို တော်တော်လေးအဆင်ပြေလာတယ်လို့ ခံစားရပါတယ်။ အသင်းအခြေအနေက တိုးတက်လာသလို ပတ်ဝန်းကျင်ကလည်း အပေါင်းလက္ခဏာဆောင်လာပါတယ်။ အဲ့တာကို ဆက်လက်လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒီအစုအဖွဲ့မှာ ဘယ်သူမှရုန်းကန်ရတာမရှိတော့ပါဘူး။ အာမိုရင်ရဲ့စိတ်ပိုင်းဆိုင်ရာ ၊ တောင်းဆိုမှုတွေအပြင် ဒီအစုအဖွဲ့ကိုက ကိုင်တွယ်ရတာ ခက်ခဲပါတယ်။

အခုဆိုအားလုံးက အသင်းကိုပဲ ဦးစားပေးလာခဲ့ပါပြီ။ သူကအရမ်းရှင်းလင်းတာကို လုပ်ဆောင်ခဲ့ပါတယ်။ အသင်းအတွက် အကောင်းဆုံးဖြစ်မယ့်ကစားသမားကိုပဲရွေးချယ်ပါတော့တယ်။ ကစားသမားတွေအနေနဲ့ သူ့နောက်မှာအပြည့်အဝရှိနေသလို သူလိုချင်သလို လုပ်ဆောင်ဖို့ အသင့်ပါပဲ။ ကျွန်တော်တို့ တကယ့်အသင်းလိုမျိုးခံစားလာရပါပြီ။ အထူးသဖြင့် ရာသီကြိုခရီးစဉ်အတွင်းမှာပါ။ အားလုံးအတူတူဖြစ်လာခဲ့သလို အဲ့တာကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ လိုအပ်ပါတယ်။ အတူတူစုပေါင်းပြီး မှန်ကန်တဲ့လမ်းကြောင်းပေါ် ဆွဲတင်ပေးရပါမယ်”လို့ ရှောက ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ လက်ရှိအမေရိကမြေမှာ ခြေစမ်းပွဲကစားနေပြီး လာမယ့်သြဂုတ်လ ၁၇ ရက်နေ့မှာ ယူနိုက်တက်ဟာ အာဆင်နယ်နဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲကန်ရမှာဖြစ်ပါတယ်။