လုခ်ရှောက အကောင်းဆုံးခြေစွမ်းပြန်ရနေပြီလို့ ဖီးလ်ဂျုံးစ် ချီးကျူး
မန်ချက်စတာယူနိုက်တက်ဗဟိုနောက်ခံလူဟောင်း ဖီးလ်ဂျုံးစ်က လက်ရှိအသင်းရဲ့နောက်ခံကြယ်ပွင့် လုခ်ရှောဟာ ဒဏ်ရာပြဿာနာတွေကို ကျော်လွှားပြီးနောက်မှာ အကောင်းဆုံးခြေစွမ်းကို ပြန်လည်ရရှိနေပြီဖြစ်ကြောင်း ချီးကျူးပြောဆိုလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက လုခ်ရှောဟာ များပြားလှတဲ့ဒဏ်ရာပြဿနာတွေရဲ့နှိပ်စက်မှုကြောင့် နည်းပြရူဘင်အာမိုရင်ရဲ့လက်အောက်မှာ ပြိုင်ပွဲစုံ ၆ ပွဲသာပါဝင်ကစားခွင့်ရခဲ့ပါတယ်။ ဒါကြောင့် နွေရာသီအပြောင်းအရွှေ့ကာလမှာ အင်္ဂလန်သားတစ်ယောက် အိုးလ်ထရက်ဖို့ဒ်နဲ့ လမ်းခွဲသွားနိုင်ချေရှိကြောင်းလည်း ကောလာဟလတွေထွက်ပေါ်ခဲ့ပါသေးတယ်။
အိုးလ်ထရက်ဖို့ဒ်သို့ စတင်ရောက်ရှိလာကတည်းက ဒဏ်ရာပြဿနာနဲ့ရုန်းကန်ခဲ့ရတဲ့လုခ်ရှောဟာ ယူနိုက်တက်မှာ နေထိုင်ခဲ့တဲ့ ၁၂ နှစ်တာကာလအတွင်း ပွဲပေါင်း ၃၀ ပြည့်အောင်ကစားနိုင်ခဲ့တဲ့ရာသီဟာ ၂ ရာသီသာရှိခဲ့ပါတယ်။ ကျန်တဲ့ရာသီတွေမှာတော့ အသက်-၃၀ နှစ်အရွယ်ကစားသမားဟာ ဒဏ်ရာတွေကြောင့် ပုံမှန်ပွဲထွက်ကစားခွင့်ရဖို့ ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။
ယခုနှစ်ရာသီမှာတော့ လုခ်ရှောဟာ ကြံ့ခိုင်မှုပြည့်ဝနေပြီး ဒဏ်ရာလည်းကင်းနေတာကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်တိုင်းမှာ ပွဲထွက်ပါဝင်ပြီး အကောင်းဆုံးခြေစွမ်းကို ပြန်လည်ပြသနေပြီဖြစ်ပါတယ်။ အာမိုရင်ရဲ့ဦးဆောင်မှုနဲ့အတူ လုခ်ရှောဟာ ဒဏ်ရာရရှိနေတဲ့ လီဆန်ဒရိုမာတီနက်ဇ်ရဲ့ ဘယ်ဘက်ဗဟိုခံစစ်နေရာမှာ တည်ငြိမ်တဲ့စွမ်းဆောင်ရည်ကို ဆက်တိုက်ပြသထားနိုင်ပါတယ်။
ယခုအခါမှာ လုခ်ရှောရဲ့အသင်းဖော်ဟောင်း ဖီးလ်ဂျုံးစ်က "လုခ်ရှောက အရမ်းယုံကြည်စိတ်ချရတဲ့ပုံပေါ်ပြီး ကစားပုံကလည်း အရမ်းသက်တောင့်သက်သာရှိပါတယ်။ ဒဏ်ရာပြဿနာတွေနဲ့ ကင်းလွတ်နေရင် သူက အကောင်းဆုံးနောက်ခံလူတစ်ယောက်ဖြစ်လာမယ်ဆိုတာ ကျွန်တော်အမြဲတမ်းယုံကြည်ထားခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က ဖောရက်စ်နဲ့ပွဲမှာဆို သူ့ရဲ့ကစားပုံက အတော်လေးကောင်းခဲ့ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ပြိုင်ဘက်ရဲ့ထိုးဖောက်မှုတွေကို ဟန့်တားနိုင်ခဲ့ပါတယ်"
"ဘောလုံးက ဂိုးဧရိယာထဲကျလာပြီဆိုရင် သူက တားဆီးရမယ့်ဘောလုံးဆိုရင် ချက်ချင်းပဲ တားဆီးနိုင်ပါတယ်။ ပွဲကိုဖတ်နိုင်တဲ့ကစားသမားဖြစ်ပြီး အသင်းက တိုက်စစ်ဆင်တော့မယ်ဆိုရင်တော့ သူက ရှေ့ကို ချက်ချင်းရောက်နေခဲ့ပါတယ်။ ဒါကြောင့် သူက ဘယ်နောက်ခံမှာဖြစ်ဖြစ်၊ တောင်ပံမှာဖြစ်ဖြစ် အသုံးဝင်တဲ့ကစားသမားမျိုးပါ" လို့ပြောကြားခဲ့ပါတယ်။
မာတီနက်ဇ်တစ်ယောက် ဒဏ်ရာပြဿနာမှ ပြန်လာနိုင်မယ်ဆိုရင်တော့ လုခ်ရှောအနေနဲ့ ဗဟိုခံစစ်နေရာအစား ဘယ်နောက်ခံနေရာကို ပြောင်းလဲကစားသွားဖို့ရှိနေပါတယ်။ လောလောဆယ် ဘယ်နောက်ခံနေရာမှာ ဒီယေဂိုဒါလော့က ပုံမှန်ပွဲထွက်ခွင့်ရနေပေမယ့် မာတီနက်ဇ်ပြန်လာချိန်မှာတော့ ပေါ်တူဂီသားဟာ လုခ်ရှောအတွက် နေရာဖယ်ပေးသွားရဖွယ်ရှိပါတယ်။