The network connection is lost.

Banner Image

ဆာဘွဲ့ရရှိပြီးနောက် ဂုဏ်ယူဝမ်းမြောက်မှု ကို ထုတ်ဖော်ဖွင့်ဟလာတဲ့ ဘက်ခမ်း

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်းဟာ ချားလ်စ်ဘုရင်ထံမှ တရားဝင် ဆာဘွဲ့ကို လက်ခံရရှိပြီးနောက် အလွန်ဝမ်းမြောက်ဂုဏ်ယူမိကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ဘက်ခမ်းဟာ သူ့ရဲ့အောင်မြင်ထင်ရှားတဲ့ ဘောလုံးကစားသမားဘဝနဲ့ ဗြိတိန်လူ့အဖွဲ့အစည်းအပေါ် အကျိုးပြုမှုတွေလုပ်ဆောင်နိုင်ခဲ့တာကြောင့်  ချားလ်စ်ဘုရင်ရဲ့ မွေးနေ့ဂုဏ်ပြုစာရင်းမှာ ထည့်သွင်းခံခဲ့ရပါတယ်။ ဒါကြောင့် ဘက်ခမ်းဟာ အင်္ဂါနေ့က ဘာ့ခ်ရှိုင်းယားမှာပြုလုပ်ခဲ့တဲ့ ချားလ်စ်ဘုရင်ရဲ့မွေးနေ့အခမ်းအနားမှာ သူရဲကောင်းဘွဲ့ချီးမြှင့်ခံခဲ့ရတာကြောင့် ဆာဘက်ခမ်းလို့ အမည်တွင်ခဲ့ပြီဖြစ်ပါတယ်။

အခမ်းအနားပြီးဆုံးချိန်မှာတော့ ဘက်ခမ်းက အခုလို တရားဝင်သူရဲကောင်းဘွဲ့ချီးမြှင့်ခံရခြင်းအတွက် အလွန်ဝမ်းမြောက်မိကြောင်းနဲ့ ယခုအောင်မြင်မှုဟာ သူ့ဘဝတစ်လျှောက် အကြီးမြတ်ဆုံးသောအောင်မြင်မှုဖြစ်ကြောင်းကိုလည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အသက်-၅၀ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ဟောင်းက "ကျွန်တော်တို့မိသားစုမှာ သက်ဦးစံပိုင်ဘုရင်စနစ်ကအမြဲတမ်း အရေးပါခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ဘိုးဘေးဘီဘင်ကနေစတင်ပြီး မိဘတွေ၊ သားသမီးတွေနဲ့ ကျွန်တော်ကိုယ်တိုင်အတွက် ဒီစနစ်က အမြဲတမ်းကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်"

"ကျွန်တော် ကမ္ဘာအနှံ့ခရီးသွားနေချိန်မှာလည်း လူတွေက ကျွန်တော်တို့ရဲ့တော်ဝင်မိသားစုအကြောင်း ပြောကြတော့ သူတို့ရဲ့လေးစားမှုကို သိခဲ့ရပါတယ်။ ဒီနေ့ ဒီလိုနေရာမှာ ဘုရင်မင်းမြတ်ဆီကနေ အခုလို ဆာဘွဲ့ရရှိဖို့ဆိုတာ အိပ်မက်ဆန်လွန်းပါတယ်။ ကျွန်တော် ဒီလောက်အထိ မှန်ကန်အောင်လုပ်နိုင်ပါ့မလားလို့ သံသယရှိခဲ့ပေမယ့် အခုတော့ လုပ်နိုင်တယ်ဆိုတာ မြင်တွေ့ခဲ့ရပါပြီ။ ဒီဘွဲ့ကိုရရှိတဲ့အခိုက်အတန့်က အထူးခြားဆုံးအခိုက်အတန့်ပါပဲ"

"ကျွန်တော့်ကစားသမားဘဝတစ်လျှောက်မှာ ဆုတွေအများကြီးရခဲ့သလို၊ နိုင်ငံအတွက်လည်း အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့ကစားခဲ့ဖူးပေမယ့် အခုချိန်မှာရရှိခဲ့တဲ့ အောင်မြင်မှုက သံသယဖြစ်စရာမလိုဘဲ ကျွန်တော့်အတွက် ဂုဏ်အယူရဆုံးပါပဲ။ ကျွန်တော့်ရဲ့အားကစားသမားဘဝ သက်သက်ကြောင့် ဒီဆုကိုရတာမဟုတ်ဘဲ ကျွန်တော်လုပ်ဆောင်ခဲ့တဲ့ လူမှုရေးလုပ်ငန်းတွေအတွက် ဒီဆုကိုရခဲ့တာဖြစ်လို့ ကျွန်တော့်အတွက် အရမ်းအရေးကြီးပါတယ်"

"ပရဟိတဆိုတာ ကျွန်တော့်အတွက် မဖြစ်မနေလုပ်ရမယ့်လုပ်ငန်းမဟုတ်ပေမယ့် ကျွန်တော်ဒီအလုပ်ကို ချစ်ပါတယ်။ ဒီအလုပ်က ပြောင်းလဲမှုတွေကို ဖန်တီးနိုင်ပြီး ကောင်းမွန်တဲ့ ကွဲပြားခြားနားမှုတွေကိုလည်း ဖြစ်ပေါ်စေပါတယ်။ ကျွန်တော် ဒီဘွဲ့ကိုရမယ်လို့သိလိုက်ရချိန်မှာ ကျွန်တော်ငိုခဲ့ပါတယ်။နောက်ထပ် လအနည်းငယ်ကြာတဲ့အထိ ကျွန်တော်ငိုနေခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်ဒီနေ့မှာတော့ မငိုခဲ့သလို၊ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတွေလည်း မရှိခဲ့ပါဘူး" လို့ပြောကြားခဲ့ပါတယ်။