
ရော်နယ်ဒို၊ ဘက်ခမ်း၊ ကန်တိုနာတို့နာမည်နဲ့ ဂျာစီထုတ်လုပ်မှုကို ရပ်တန့်လိုက်တဲ့ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်ဟာ အသင်းရဲ့ဂန္ထဝင်ကျောနံပါတ် ၇ ကစားသမားတွေဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်ဒို၊ ဒေးဗစ်ဘက်ခမ်း၊ အဲရစ်ကန်တို့နာတို့ ၃ ဦးရဲ့နာမည်တွေနဲ့ ဂျာစီထုတ်လုပ်မှုတွေကို ရပ်တန့်လိုက်ပြီလို့သိရပါတယ်။ ဒါကြောင့် ယူနိုက်တက်ပရိသတ်တွေအနေနဲ့ အဆိုပါဂန္ထဝင်ကစားသမား ၃ ဦးရဲ့ နာမည်တွေပါဝင်တဲ့ ဂျာစီတွေကို နောက်ထပ်ဝယ်ယူခွင့်ရရှိတော့မှာမဟုတ်ပါဘူး။ ၂၀၂၅-၂၆ ပရီးမီးယားလိဂ်ဘောလုံးရာသီဟာ မကြာခင်မှာပဲ စတင်တော့မှာဖြစ်ပြီး ပရိသတ်တွေအနေနဲ့ လာမယ့် ၂ ပတ်အတွင်း လက်ရှိချန်ပီယံ လီဗာပူးနဲ့ ဘုန်းမောက်တို့ရဲ့ပွဲစဉ်ကို အဖွင့်ပွဲအဖြစ်ကြည့်ရှုအားပေးသွားရမှာဖြစ်ပါတယ်။
ယူနိုက်တက်အနေနဲ့ လက်ကျန်ရာသီကြိုပွဲစဉ် ၂ ပွဲဖြစ်တဲ့ အဲဗာတန်၊ ဖီအိုရင်တီးနားတို့ရဲ့ပွဲစဉ်အပြီးမှာ ပရီးမီးယားလိဂ်အဖွင့်ပွဲအဖြစ် အစဉ်အလာပြိုင်ဘက် အာဆင်နယ်နဲ့ စတင်ယှဉ်ပြိုင်သွားရပါမယ်။ ယူနိုက်တက်ပရိသတ်တွေဟာ ရာသီသစ်နီးကပ်လာတာနဲ့အမျှ ကလပ်ရဲ့ဂျာစီတွေကို အပြိုင်အဆိုင်ဝယ်ယူအားပေးနေကြတာဖြစ်ပြီး ယခုအခါမှာတော့ ကလပ်ဂန္ထဝင်ကစားသမား ၃ ဦးရဲ့ ဂျာစီတွေကို ဝယ်ယူခွင့်မရှိတော့ပါဘူး။
ဆိုရှယ်မီဒီယာမှတစ်ဆင့် ယူနိုက်တက်ပရိသတ်တစ်ဦးက "အမည်နဲ့ပတ်သက်တဲ့ လိုင်စင်ကန့်သတ်ချက်တွေကြောင့် ကျွန်တော်တို့ဟာ ကန်တိုနာ၊ ဘက်ခမ်းနဲ့ ရော်နယ်ဒိုတို့အင်္ကျီတွေကို ဆက်လက်ထုတ်လုပ်ခွင့်မရှိတော့ပါဘူး" လို့ရေးသားဝေမျှထားခဲ့ပါတယ်။
ရော်နယ်ဒို၊ ကန်တိုနဲ့ ဘက်ခမ်းတို့ဟာ ယူနိုက်တက်ရဲ့ ဂန္ထဝင်ကစားသမား ၃ ဦးဖြစ်သလို ဘောလုံးလောကမှာလည်း လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့သူတွေဖြစ်ပါတယ်။ အဆိုပါကစားသမား ၃ ဦးရဲ့စွမ်းဆောင်မှုနဲ့အတူ ယူနိုက်တက်ဟာ စုစုပေါင်းဆုဖလား ၂၁ ကြိမ်အထိ ဆွတ်ခူးရရှိခဲ့ပါတယ်။
ယူနိုက်တက်ဘက်ကတော့ အဆိုပါသတင်းနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ အတည်ပြုထားခြင်းမရှိသေးပေမယ့် ဆိုရှယ်မီဒီယာမှာတော့ သတင်းဟာ အတော်လေးပျံ့နှံ့သွားခဲ့ပြီဖြစ်ပါတယ်။ အခုလို ဂျာစီတွေထုတ်လုပ်ခွင့်မရတဲ့အဖြစ်မျိုး ယခင်က ရီးရဲလ်မက်ဒရစ်မှာလည်းဖြစ်ပေါ်ခဲ့ဖူးပြီး ရီးရဲလ်ဟာ ရော်နယ်ဒိုနဲ့ဘက်ခမ်းတို့နာမည်ပါ ဘောလုံးဂျာစီတွေထုတ်လုပ်ခွင့် ရပ်နားခံခဲ့ရတာဖြစ်ပါတယ်။