The network connection is lost.

Banner Image

ဖိုဒန်က ခြေစွမ်းကောင်းတွေနဲ့ ပြန်လာနေပြီလို့ ဂွါဒီယိုလာချီးကျူး

မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက ကြာသတေးနေ့မနက်က ဒေါ့မွန်ကို ၄-၁ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး ၂ ဂိုးအထိရယူပေးနိုင်ခဲ့တဲ့ ကွင်းလယ်ကြယ်ပွင့် ဖီးလ်ဖိုဒန်ကို ချီးကျူးပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။ ဖိုဒန်ဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ ပထမဆုံးအကြိမ်အဖြစ် သွင်းဂိုးစတင်ရရှိခဲ့တာဖြစ်ပြီး ယခုပွဲစဉ်မှာ မန်စီးတီးအတွက်ဂိုးတွေကို ပွဲကစားချိန် ၂၂ မိနစ်နဲ့ ၅၇ မိနစ်တို့မှာသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ မန်စီးတီးတိုက်စစ်မှူး အာလင်းဟာလန်းကလည်း သွင်းဂိုး ၁ ဂိုးထပ်မံရယူနိုင်ခဲ့ပြီး ဂိုးသွင်းဆက်နေမှုကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီမှာ ကွင်းပြင်ပ ပြဿနာတွေနဲ့ ဒဏ်ရာပြဿနာတွေကြောင့် ပုံစံကောင်းမရခဲ့တဲ့ ဖိုဒန်ဟာ ယခုအခါမှာတော့ ခြေစွမ်းကောင်းတွေပြန်လည်ပြသလာနိုင်ပြီး မန်စီးတီး ပရီးမီးယားလိဂ်ဖလားနောက်ဆုံးရခဲ့တဲ့ ၂၀၂၃-၂၄ ရာသီကလို ခြေစွမ်းမျိုး ပြန်လည်ရရှိလာခဲ့တာဖြစ်ပါတယ်။ 

ယခုအခါမှာ ဂွါဒီယိုလာက "ဖိုဒန်က ပြန်လာနေပါပြီ။ ဒီလိုဂိုးတွေ သူသွင်းခဲ့တာ ကျွန်တော်တို့ အကြိမ်ကြိမ်မြင်ခဲ့ပြီးသားပါ။ ပြီးခဲ့တဲ့ရာသီမှာတော့ သူ့ကိုကျွန်တော်တို့ အကောင်းဆုံးအသုံးမချနိုင်ခဲ့ပါဘူး။ ဒီရာသီမှာတော့ ကျွန်တော်တို့ကိုအများကြီးကူညီပေးနိုင်မယ်လို့ ထင်ပါတယ်။ ဒီလိုဂိုးမျိုးတွေသွင်းဖို့ သူ့မှာ ယုံကြည်ချက်ရှိနေပြီးသားပါ။ အားပြင်းပြင်းနဲ့ ဂိုးတည့်အောင်ကန်တာမျိုးမဟုတ်ဘဲ ထောင့်ထဲကိုကန်သွင်းတတ်တဲ့ကစားသမားမျိုးပါ"

"ဒီရာသီမှာတော့ သူပြန်လာနိုင်ပြီလို့ ကျွန်တော်တို့ပြောလို့ရပါတယ်။ ဖိုဒန်တစ်ယောက်တည်းမဟုတ်ပါဘူး။ ပြီးခဲ့ရာသီက ရုန်းကန်ခဲ့ရတဲ့ကစားသမားတွေအားလုံး အခုချိန်မှာ ပိုကောင်းတဲ့အခြေအနေကို ရောက်ရှိနေပါပြီ။ ဖိုဒန်က ဘောလုံးကစားရတာပျော်ရွှင်နေတယ်ဆိုတာ သိသာပါတယ်။ သူ့ရဲ့ခြေစွမ်းက သိသိသာသာတိုးတက်လာပြီး ဒီနေ့ပွဲမှာဆို သူ့ရဲ့ဂိုးတွေက သူ့ရဲ့ဒီရာသီခြေလှမ်းကို စတင်ပေးလိုက်ပါပြီ။ လာမယ့် တနင်္ဂနွေနေ့ အရေးကြီးတဲ့ပွဲမှာလည်း ကျွန်တော်တို့သူ့ကို လိုအပ်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး အင်္ဂလန်နည်းပြ သောမတ်စ်တူချယ်လ်အနေနဲ့ ဖိုဒန်ကို လက်ရွေးစင်အသင်းလူစာရင်းမှာပြန်လည်ရွေးချယ်သင့်သလားလို့ မေးမြန်းခဲ့ရာ ဂွါဒီယိုလာက "တူချယ်လ်က ဉာဏ်ရည်ထက်မြက်ပြီး အရမ်းတော်တဲ့နည်းပြတစ်ယောက်ပါ။ သူဘာတွေလိုအပ်မယ်ဆိုတာ သူသိပါတယ်။ သူ့အနေနဲ့ ဖိုဒန်ကို ကောင်းကောင်းသိမယ်လို့ထင်ပြီး ဖိုဒန်ကလည်း ပိုပိုကောင်းလာနေပါတယ်။ အင်္ဂလန်အနေနဲ့ ဖိုဒန်တို့လိုကစားသမားမျိုးတွေ အများကြီးပိုင်ဆိုင်ထားတာ ကံကောင်းပါတယ်။ ကစားသမားတိုင်းက သူ့တို့ကိုယ်သူတို့ ဘယ်လောက်အထိကောင်းတယ်ဆိုတာ သက်သေပြချင်နေသူတွေချည်းပါပဲ" လို့ဖြေကြားခဲ့ပါတယ်။ 

လာမယ့်တနင်္ဂနွေနေ့မှာတော့ မန်စီးတီးဟာ ခက်ခဲတဲ့ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လီဗာပူးကို အိမ်ကွင်းအီတီဟတ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး ဖိုဒန်တစ်ယောက် သွင်းဂိုးတွေ ဆက်လက်ရရှိသွားမလား စောင့်ကြည့်ရပါမယ်။