
ဆာဂျင်မ်ရက်ကလစ်ဖ်ရဲ့ ထောက်ခံမှုတွေရရှိထားပေမယ့် ယူနိုက်တက်ရဲ့အခြေအနေကို လျင်လျင်မြန်မြန်ပြောင်းလဲပစ်ဖို့လိုအပ်ကြောင်း အာမိုရင်ပြောကြား
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်ဟာ သူဟာ အသင်းရဲ့တွဲဖက်ပိုင်ရှင် ဆာဂျင်မ်ရက်ကလစ်ဖ်ရဲ့ ထောက်ခံမှုတွေကိုရရှိထားပေမယ့် အသင်းရဲ့အခြေအနေကို လျင်လျင်မြန်မြန်ပြောင်းလဲပစ်ဖို့လိုအပ်နေကြောင်း ပြောကြားလာခဲ့ပါတယ်။ မကြာသေးမီက အောက်တိုဘာလနိုင်ငံတကာပွဲစဉ်တွေကျင်းပနေချိန်မှာ ရက်ကလစ်ဖ်ဟာ အာမိုရင်ကိုရာထူးမှထုတ်ပယ်ဖို့မရှိဘဲ ၃ နှစ်အထိ အပြည့်အဝအချိန်ပေးသွားမှာဖြစ်ကြောင်း ပြောကြားထားခဲ့ပါတယ်။
အာမိုရင်ရဲ့လက်ထက်မှာ ယူနိုက်တက်ဟာ ပုံစံကောင်းရဖို့ အတော်လေးရုန်းကန်နေရတာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ တစ်ကြိမ်မှ ၂ ပွဲဆက်အနိုင်ရရှိခဲ့ဖူးခြင်းမရှိသေးသလို ပေါ်တူဂီသားကိုင်တွယ်ခဲ့တဲ့ ၃၄ ပွဲအတွင်း နိုင်ပွဲ ၁၀ ပွဲသာရရှိထားခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ကလစ်ဖ်ကတော့ အာမိုရင်ကို အချိန်အပြည့်အဝပေးသွားမှာဖြစ်ကြောင်း ကတိပြုထားတာကြောင့် ပေါ်တူဂီသားရဲ့အိုးလ်ထရက်ဖို့ဒ်အနာဂတ်ဟာ စိတ်ချရတဲ့အခြေအနေမှာရှိနေပါတယ်။
ယခုအခါမှာ အာမိုရင်က "ပွဲစဉ်တွေပြီးတဲ့အချိန်တိုင်းမှာ သူကကျွန်တော့်ကို တစ်ခုမဟုတ်တစ်ခု အမြဲတမ်းပြောပြလေ့ရှိပါတယ်။ ဘောလုံးမှာ အောင်မြင်မှုရရှိဖို့ အချိန်တိုလေးအတွင်းမှာမဖြစ်နိုင်ဘူးဆိုတာ ကျွန်တော်ရော သူရောသိပါတယ်။ သူအခုလိုပြောတာကို ကြားရတာ တကယ်ကောင်းပါတယ်" "ဒါကို ပရိသတ်တွေအနေနဲ့လည်း နားလည်မယ်လို့မျှော်လင့်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဖိအားတွေကို ဆက်လက် ခံယူပြီး အသင်းတိုးတက်ဖို့အတွက် ပုံမှန်အတိုင်းဆက်လက်ကြိုးစားသွားမှာပါ။ အသင်းကို ပြောင်းလဲမှုတွေပြုလုပ်သွားဖို့ ကျွန်တော်တို့ ဖိအားတွေရှိနေသေးတယ်လို့ ခံယူထားပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်ဟာ လီဗာပူးကို ၂၀၁၆ ခုနှစ်ကတည်းက အန်ဖီးလ်မှာအနိုင်မရခဲ့တာကြောင့် ဒီတစ်ခေါက်မှာလည်း အနိုင်ရဖို့အတွက်တော့ ခက်ခက်ခဲခဲကြိုးပမ်းသွားရဖွယ်ရှိပါတယ်။ တစ်ချိန်တည်းမှာပဲ လီဗာပူးဟာ ပြိုင်ပွဲစုံနောက်ဆုံး ၃ ပွဲဆက်တိုက်ရှုံးနိမ့်ထားပြီး ဖိအားတွေဝင်နေတာကြောင့် ယူနိုက်တက်အနေနဲ့ ပိုမိုရုန်းကန်သွားရမယ်လို့ ထင်ကြေးပေးနေကြပါတယ်။ ဆက်လက်ပြီးအာမိုရင်က "ဒီပွဲက ကျွန်တော်တို့ကိုယ် ကျွန်တော်တို့သက်သေပြဖို့အတွက် စိန်ခေါ်မှုပြုလုပ်နိုင်တဲ့ပွဲစဉ်ပါ။ ကျွန်တော်တို့ ပိုကောင်းလာကြောင်းနဲ့ တိုက်စစ်က စွမ်းဆောင်ရည်တိုးလာတယ်ဆိုတာ ဒီပွဲမှာသက်သေပြသသွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။ ယခုလီဗာပူးနဲ့ပွဲစဉ်ကို ယူနိုက်တက်ဗဟိုခံစစ်မှူး လီဆန်ဒရိုမာတီနက်ဇ်က ဝင်ရောက်ကစားနိုင်ဦးမှာမဟုတ်သလို နောက်ခံလူ မာဇရာဝီကလည်း ပါဝင်ဖို့မသေချာတဲ့အခြေအနေမှာရှိနေပါတယ်။