ဟာလန်းရဲ့စက်ရုပ်အကပုံစံအောင်ပွဲခံမှုအပြီး ရယ်ရွှင်ဖွယ်တုံ့ပြန်ခဲ့တဲ့ ပီတာခရော့ချ်
ဟာလန်းက တနင်္ဂနွေနေ့၊ ဘုန်းမောက်နဲ့ပွဲစဉ်အတွင်း နှစ်ဂိုးသွင်းယူကာ သူ့ရဲ့ဘောလုံးရာသီသစ်ကို အံ့မခန်းပုံစံဖြင့် စတင်နိုင်ခဲ့ပါတယ်။ မန်စီးတီးတိုက်စစ်မှူးက အီတီဟတ်ကွင်းအတွင်း အဖွင့်ဂိုးသွင်းယူပြီးချိန် အောင်ပွဲခံမှုပုံစံတစ်ခုကို ဆွဲထုတ်လာခဲ့ပါတယ်။ အခုရာသီ၊ ပရီးမီးယားလိဂ် ၁၀ ပွဲသာ ကစားပြီးသေးချိန် ဟာလန်းရဲ့သွင်းဂိုးက ၁၃ ဂိုးအထိ ရှိလာပါပြီ။
အခုလိုရာသီအစောပိုင်းမှာ အခုလိုဂိုးပမာဏမျိုးကို သွင်းယူနိုင်တဲ့ကစားသမား အခုတစ်ကြိမ်ဟာလန်း အပါအဝင် သုံးဦးသာ ရှိပါတယ်။ သူတို့ကတော့ ၁၉၉၅-၁၉၉၆ ဘောလုံးရာသီက လက်စ်ဖာဒီနန်နဲ့ လွန်ခဲ့တဲ့သုံးနှစ်က ဟာလန်းတို့ပဲ ဖြစ်ပါတယ်။ ဘုန်းမောက်နဲ့ပွဲစဉ်မှာလည်း ဟာလန်းက သူ့ရဲ့အဖွင့်ဂိုးရရှိဖို့ ၁၇ မိနစ်သာ စောင့်ဆိုင်းခဲ့ရပါတယ်။ ဒီဂိုးသွင်းယူပြီးနောက် နော်ဝေတိုက်စစ်မှူးက ပီတာခရော့ချ်ရဲ့အထိမ်းအမှတ်ပုံစံနဲ့ အလားသဏ္ဍာန်တူတဲ့ စက်ရုပ်အကဖြင့် အောင်ပွဲခံခဲ့ပါတယ်။
ဒီလိုအောင်ပွဲခံမှုက လူမှုကွန်ရက်စာမျက်နှာထက် အင်္ဂလန်တိုက်စစ်မှူးဟောင်းရဲ့အာရုံစိုက်မှုကို ဖမ်းစားနိုင်ခဲ့ပါတယ်။ X လူမှုကွန်ရက်မှတဆင့် ပီတာခရော့ချ်က “ အခြားသူတွေ လိုက်လုပ်နိုင်အောင် ကျွန်တော် လမ်းသစ်ဖောက်ပေးခဲ့တယ်”လို့ စက်ရုပ်ပုံစံအီမိုဂျီနဲ့အတူ ဝေမျှခဲ့ပါတယ်။ ပီတာခရော့ချ်က စက်ရုပ်အကအောင်ပွဲခံမှုပုံစံကို ၂၀၀၆ ခုနှစ်၊ ဟန်ဂေရီနဲ့ခြေစမ်းပွဲမှာ အင်္ဂလန်အတွက် ဂိုးသွင်းယူပြီးနောက် ပထမဆုံးမိတ်ဆက်လာခဲ့ပါတယ်။
အဲ့ဒီနောက် လေးရက်အကြာ၊ ဂျမေကာနဲ့ပွဲစဉ်မှာ ဟက်ထရစ်သွင်းယူပြီးနောက် ပီတာခရော့ချ်က စက်ရုပ်အကအောင်ပွဲခံမှုပုံစံဖြင့် ပရိသတ်တွေကို ထပ်မံဧည့်ခံခဲ့ပါတယ်။တိုက်စစ်မှူးက အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၄၂ ပွဲ ပါဝင်ကစားပေးကာ ၂၂ ဂိုး သွင်းယူခဲ့ပါတယ်။ အလားတူ သူက စတုတ်စီးတီး၊ လီဗာပူး၊ တော့တင်ဟမ်၊ ပို့စ်မောက်၊ အက်စတွန်ဗီလာ၊ ဆောက်သမ်တန်နဲ့ ဘုန်းမောက်တို့အတွက် ပရီမီးယားလိဂ် ၄၆၈ ပွဲပါဝင်ကစားပေးကာ ၁၀၆ ဂိုးသွင်းယူပြီး ကစားသမားဘ၀ အနားယူခဲ့ပါတယ်။