The network connection is lost.

Banner Image

သူ့ရဲ့အဆင့်က ရော်နယ်ဒို၊ မက်ဆီတို့နဲ့ နှိုင်းယှဉ်လို့မရသေးကြောင်းပြောကြားလာတဲ့ ဟာလန်း

မန်ချက်စတာစီးတီးတိုက်စစ်မှူး အာလင်းဟာလန်းက သူဟာ ကမ္ဘာ့ဂန္ထဝင်ဘောလုံးသမား ၂ ဦးဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်ဒို၊ လီယွန်နယ်မက်ဆီတို့လိုအဆင့်မရှိသေးတာကြောင့် နှိုင်းယှဉ်ခြင်းမပြုလုပ်ကြဖို့ ပြောကြားလာခဲ့ပါတယ်။ မန်စီးတီးမှာ ဂိုးတွေတောက်လျှောက်သွင်းယူပြီး ဘောလုံးလောကရဲ့စံချိန်အများအပြားကို တစ်ခုချင်းစီရိုက်ချိုးနေတဲ့ဟာလန်းကို ဘောလုံးပရိသတ်တွေနဲ့ ဝေဖန်သုံးသပ်သူတွေက ရော်နယ်ဒို၊ မက်ဆီတို့လို ဘောလုံးလောကရဲ့ ထာဝရအကောင်းဆုံးကစားသမားတွေနဲ့ နှိုင်းယှဉ်ဖော်ပြကြပေမယ့် ကစားသမားကတော့ နှိုင်းယှဉ်လို့မရသေးကြောင်း ပြောကြားလာခဲ့တာဖြစ်ပါတယ်။ 

ဒါကြောင့် အခုလို ဟာလန်းရဲ့နှိမ့်ချတတ်တဲ့စိတ်ဓာတ်ဟာ ပရိသတ်တွေအတွက်ရော၊ ဘောလုံးကစားသမားတွေအတွက်ပါ အားကျအတုယူစရာဖြစ်လာခဲ့ပြီး နော်ဝေးလက်ရွေးစင်ဟာ သူ့ရဲ့ရင့်ကျင့်မှုကို အခုလိုပဲ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။  အသင်းဟောင်း ဒေါ့မွန်နဲ့ယှဉ်ပြိုင်သွားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီမှာ သူ့ကို ရော်နယ်ဒို၊ မက်ဆီတို့နဲ့ တစ်တန်းတည်းထားလို့ရနိုင်ပြီလားလို့ မေးမြန်းခဲ့ရာ ဟာလန်းက "မရပါဘူး။ လုံးဝမရပါဘူး။ သူတို့နှစ်ယောက်ရဲ့အဆင့်ကိုမီဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျွန်တော်က အာလင်းဟာလန်းပါ။ ဂိုးတွေသွင်းနေတဲ့ နော်ဝေးနိုင်ငံသားတစ်ယောက်ပါပဲ။ ဒါက ပြောင်းလဲသွားမှာမဟုတ်ပါဘူး" လို့ဖြေကြားခဲ့ပါတယ်။ 

အခုလို ဟာလန်းရဲ့နှိမ့်ချတတ်တဲ့စိတ်နေသဘောထားနဲ့ ရင့်ကျင်မှုကို မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာကလည်း ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ စပိန်သားနည်းပြက "ဒီလိုနှိမ့်ချတတ်တဲ့ ကမ္ဘာ့အဆင့်ရှိ ကစားသမားတစ်ယောက်ကိုမြင်တွေ့ရဖို့ ခက်ခဲပါတယ်။သူက အမြဲတမ်းအသင်းအတွက်ပဲ ဦးစားပေးတတ်သူပါ" လို့ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ဟာလန်းက "ကျွန်တော်က စံချိန်တွေ၊ မှတ်တမ်းတွေအကြောင်း စိတ်မဝင်စားပါဘူး။ အသင်းနိုင်ဖို့အတွက်ပဲ ကူညီပေးချင်တာပါ" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။ 

ဟာလန်းဟာ အသက်-၂၅ နှစ်အရွယ်သာရှိသေးပေမယ့် သူ့ရဲ့တည်ငြိမ်တဲ့စွမ်းဆောင်ရည်နဲ့ ဂိုးသွင်းစွမ်းရည်တွေကို တောက်လျှောက်ပြသနေပြီး ရော်နယ်ဒိုနဲ့ မက်ဆီတို့ခေတ်အလွန် လက်ရှိကမ္ဘာ့ဘောလုံးမျိုးဆက်ရဲ့ အကောင်းဆုံးတိုက်စစ်မှူးတစ်ယောက်အဖြစ်လည်း သတ်မှတ်ခံထားရသူဖြစ်ပါတယ်။