ဟာလန်းက ရော်နယ်ဒို၊ မက်ဆီတို့လိုအဆင့်အတန်းကို ရောက်ရှိနေပြီလို့ ဂွါဒီယိုလာချီးကျူး
မန်ချက်စတာစီးတီးနည်းပြပက်ဂွါဒီယိုလာက တနင်္ဂနွေနေ့ညက ဘုန်းမောက်ကို ၃-၁ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး ၂ ဂိုးအထိရယူပေးနိုင်ခဲ့တဲ့တိုက်စစ်မှူး အာလင်းဟာလန်းဟာ ကမ္ဘာ့ဘောလုံးဂန္ထဝင်နှစ်ဦးဖြစ်တဲ့ လီယွန်နယ်မက်ဆီနဲ့၊ ခရစ္စတီယာနိုရော်နယ်ဒိုတို့လို အဆင့်အတန်းမျိုးရောက်ရှိနေပြီဖြစ်ကြောင်း ချီးကျူးပြောဆိုလာခဲ့ပါတယ်။
ဟာလန်းဟာ ယခုရာသီအတွင်း မန်စီးတီးအတွက် ပြိုင်ပွဲစုံ ၁၃ ပွဲကစားထားရာမှာ ၁၇ ဂိုးအထိသွင်းယူထားနိုင်တာကြောင့် ဂွါဒီယိုလာအနေနဲ့ အခုလိုချီးကျူးပြောဆိုခဲ့ပုံပေါ်ပါတယ်။ စပိန်သားနည်းပြက "ဟာလန်းနဲ့တွဲကစားရတာက မက်ဆီ၊ ရော်နယ်ဒိုတို့နဲ့တွဲကစားရသလိုဖြစ်ပါလိမ့်မယ်။ သူ့ရဲ့ပွဲအပေါ်လွှမ်းမိုးနိုင်မှုက ကြီးမားပါတယ်"
"သူဘယ်လောက်အထိဂိုးတွေသွင်းထားလဲ အားလုံးအမြင်ပါပဲ။ သူက မက်ဆီနဲ့ရော်နယ်ဒိုတို့လိုအဆင့်အတန်းမျိုးရောက်နေပါပြီ။ မက်ဆီနဲ့ရော်နယ်ဒိုက ဒီလိုအဆင့်အတန်းမျိုးကို ၁၅ နှစ်လောက်အထိ ထိန်းနိုင်ခဲ့ကြတာပါ။ ဟာလန်းကလည်း အဲဒီလိုအဆင့်အတန်းဖြစ်နေပြီဆိုတာ ဒီနေ့ပွဲက ပထမဆုံးဂိုးမှာမြင်တွေ့ခဲ့ရပါတယ်။ သူ့ရဲ့ဂိုးသွင်းအဆုံးသတ်ပုံက အရမ်းကိုပိုင်ပိုင်နိုင်နိုင်ရှိပါတယ်"
"သူက သွင်းဂိုးတွေကိုဆာလောင်နေသူပါ။ သူ့ကိုယ်သူထိန်းချုပ်နိုင်စွမ်းရှိပြီး စီမံခန့်ခွဲမှုကောင်းတဲ့ ထိပ်တန်းကစားသမားပါ။ ကျွန်တော်ဟာလန်းနဲ့ဆက်ဆံရတာကလည်း အရမ်းကောင်းပါတယ်။ သူက ပွင့်ပွင့်လင်းလင်းရှိတဲ့သူပါ။ သူက ဂိုးသွင်းဖို့အတွက်အသက်ရှင်နေတဲ့သူပါ။ သူသာမရှိရင် ဒီရာသီက ကျွန်တော်တို့အတွက်အရမ်းခက်လိမ့်မယ်ဆိုတာ ဝန်ခံရပါမယ်။ အခုချိန်မှာ အိုမာကလည်း ပြန်ကစားနိုင်ပြီဆိုတော့ ကျွန်တော်တို့အတွက်ကံကောင်းပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဂွါဒီယိုလာက အသင်းရဲ့ကွင်းလယ်ကြယ်ပွင့် ရာယန်ချာကီကိုလည်း ချီးကျူးပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။ ပြင်သစ်လက်ရွေးစင်ဟာ ယခုဘုန်းမောက်နဲ့ပွဲစဉ်မှာ ဟာလန်းသွင်းယူခဲ့တဲ့ သွင်းဂိုး ၂ ဂိုးစလုံးကို ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဂွါဒီယိုလာက "သူ့ရဲ့ဘောလုံးအမြင်နဲ့ ခြေစွမ်းတည်ငြိမ်မှုက ချီးကျူးစရာပါ။ ကျွန်တော်တို့ကစားတဲ့ပုံစံက ပရီးမီးယားလိဂ်နဲ့ တစ်သားတည်းဖြစ်ဖို့အတွက် အချိန်နည်းနည်းပိုလိုအပ်ပါတယ်။ ဆွမ်ဆီးနဲ့ပွဲမှာ သူအသင်းအတွက် ဂိုးသွင်းခဲ့သလို၊ ဖန်တီးမှုလည်းပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာလည်း သူကဖန်တီးမှု ၂ ကြိမ်ပြုလုပ်ပြီးအရေးပါတဲ့ကစားသမားဖြစ်ကြောင်း သက်သေပြခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။