
ဒဏ်ရာပြဿနာကြောင့် ၂ လခန့်အနားယူသွားရမယ့် မန်စီးတီးကွင်းလယ်လူ ချာကီ
မန်ချက်စတာစီးတီးကွင်းလယ်လူ ရာယန်ချာကီဟာ ဒဏ်ရာပြဿနာကြောင့် ၂ လအထိ အနားယူသွားရမယ်လို့ နည်းပြ ပက်ဂွါဒီယိုလာက အတည်ပြုပြောကြားလာခဲ့ပါတယ်။ အသက်-၂၂ နှစ်အရွယ်ကစားသမားဟာ ယခုနွေရာသီအတွင်း ပြင်သစ်လီဂူးကလပ် လိုင်ယွန်မှ မန်စီးတီးသို့ ကနဦးပြောင်းရွှေ့ကြေး ပေါင် ၃၀.၄၅ သန်းနဲ့ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဝုဗ်ကို ၄-၀ နဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ အသင်းအတွက် ပွဲဦးထွက်ဂိုးကို စတင်သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ချာကီဟာ ပြီးခဲ့တဲ့အပတ်က တော့တင်ဟမ်ကိုရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း မန်စီးတီးအတွက် ပွဲထွက်ပါဝင်ကစားပေးခဲ့ပါတယ်။
သို့သော်လည်း ပြင်သစ်လက်ရွေးစင်ဟာ တနင်္ဂနွေနေ့က ဘရိုက်တန်ကို ၂-၁ နဲ့အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာတော့ ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိသလို၊ အရန်လူစာရင်းမှာလည်း မပါဝင်ခဲ့ပါဘူး။ ကစားသမားဟာ ဒဏ်ရာပြဿနာကြောင့် အဆိုပါပွဲစဉ်ကို လွဲချော်ခဲ့တယ်လို့ ဂွါဒီယိုလာက အတည်ပြုပြောကြားခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ နိုင်ငံတကာပွဲစဉ်တွေစတင်တော့မှာဖြစ်လို့ ပြင်သစ်လက်ရွေးစင်အသင်းက ကစားသမားတွေရွေးချယ်ခေါ်ယူထားပေမယ့် ချာကီမပါဝင်နိုင်တာကြောင့် သူ့ရဲ့နေရာမှာ လီဗာပူးတိုက်စစ်မှူး ဟူဂိုအက်ကီတီကီနဲ့ အစားထိုးထားတယ်လို့သိရပါတယ်။
ပြင်သစ်သတင်းတွေအရတော့ ချာကီဟာ ပေါင်ကြွက်သားဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပြီး ၂ လခန့်အထိအနားယူသွားရမှာဖြစ်လို့ စက်တင်ဘာလ ၁၄ ရက်နေ့ ယူနိုက်တက်နဲ့ယှဉ်ပြိုင်သွားရမယ့် မန်ချက်စတာဒါဘီပွဲစဉ်ကိုလည်း လွဲချော်သွားမှာဖြစ်ပါတယ်။ ချာကီဟာ ပြီးခဲ့တဲ့ရာသီက ယူရိုပါလိဂ်ပြိုင်ပွဲမှာ လိုင်ယွန်အသင်းနဲ့အတူ ယူနိုက်တက်ကို ပြိုင်ဘက်အဖြစ်ယှဉ်ပြိုင်ကစားခဲ့ဖူးပြီး ၅-၄ နဲ့ရှုံးနိမ့်ထားခဲ့ပါတယ်။
မန်စီးတီးသို့ရောက်ရှိလာပြီးနောက်မှာ ချာကီက သူ့အနေနဲ့ ယူနိုက်တက်ကို ပြန်လည်အနိုင်ယူသွားမယ်လို့ ထုတ်ဖော်ပြောကြားထားပေမယ့် ဒီတစ်ခေါက်ပွဲစဉ်မှာတော့ ပါဝင်နိုင်တော့မှာမဟုတ်ပါဘူး။