The network connection is lost.

Banner Image

ဇန်နဝါရီမှာ မိုင်နူးနဲ့ ဇက်ခ်ဇီတို့ကို ထွက်ခွာခွင့်ပြုမှာမဟုတ်တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ နည်းပြရူဘင်အာမိုရင်ရဲ့လက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့်မရတဲ့ ကွင်းလယ်လူ ကိုဘီမိုင်နူးနဲ့ တိုက်စစ်မှူး ဂျိုရှူးဝါးဇက်ခ်ဇီတို့ကို လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အိုးလ်ထရက်ဖို့ဒ်မှ ထွက်ခွာခွင့်ပြုမှာမဟုတ်ဘူးလို့သိရပါတယ်။ 

ယခု ၂၀၂၅-၂၆ ဘောလုံးရာသီမှာ အဆိုပါကစားသမား ၂ ဦးဟာ အရန်ခုံမှာသာ ထိုင်နေကြရတာဖြစ်ပြီး ပရီးမီးယားလိဂ် ၉ ပွဲကစားပြီးချိန် စုစုပေါင်း ၂၂၀ မိနစ်သာ ကစားခွင့်ရထားတာဖြစ်ပါတယ်။ အသက်-၂၀ နှစ်အရွယ်ရှိပြီဖြစ်တဲ့မိုင်နူးဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာကတည်းက အသင်းမှထွက်ခွာခွင့်ပြု ဖို့ တောင်းဆိုခဲ့ပေမယ့် ယူနိုက်တက်ဘက်က တောင်းဆိုမှု ကို ပယ်ချခဲ့ပါတယ်။ 

အသက်-၂၄ နှစ်အရွယ် ဇက်ခ်ဇီကလည်း ယခုရာသီအတွင်း အရန်ကစားသမားအဖြစ်နဲ့တောင် ပါဝင်ကစားဖို့ရုန်းကန်နေရလို့ အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာလိုနေတာဖြစ်ပါတယ်။ နယ်သာလန်သားဟာ ဇန်နဝါရီမှာ ယူနိုက်တက်မှထွက်ခွာလိုကြောင်း တောင်းဆိုထားပြီး ဝက်စ်ဟမ်းကခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့သိရပါတယ်။ 

သို့သော်လည်း ယခုအခါမှာတော့ The Sun သတင်းဌာနရဲ့အဆိုအရ ယူနိုက်တက်အနေနဲ့ အဆိုပါကစားသမား ၂ ဦးစလုံးကို လာမယ့်ဇန်နဝါရီမှာတော့ ထွက်ခွာခွင့်ပေးမှာမဟုတ်ဘူးလို့သိရပါတယ်။ ယူနိုက်တက်ဟာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကြောင့် အသင်းရဲ့အဓိကကြယ်ပွင့်တွေဖြစ်တဲ့ ဘရိုင်ယန်အမ်ဘွေမို၊ အာမက်ဒီယာလိုနဲ့ မာဇရာဝီတို့ကို လက်လွှတ်သွားရမှာဖြစ်လို့ မိုင်နူးနဲ့ ဇက်ခ်ဇီတို့ကို အသင်းမှာလိုအပ်နေမှာဖြစ်ပါတယ်။ 

အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ခရစ္စမတ်ကာလမတိုင်မီမှာ စတင်သွားမှာဖြစ်ပြီး ဇန်နဝါရီလ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒါကြောင့်ယူနိုက်တက်အနေနဲ့ နိုင်ငံ့လက်ရွေးစင်အသင်းတွေနဲ့ သွားရောက်ပူးပေါင်းကြမယ့် အမ်ဘွေမို၊ အာမက်နဲ့ မာဇရာဝီတို့ကို ပရီးမီးယားလိဂ်ပွဲစဉ် ၆ ပွဲလောက်အထိ လက်လွှတ်သွားရဖွယ်ရှိပါတယ်။