
ချဲလ်ဆီးပစ်မှတ် အက်ကီတီကီကို ချိတ်ဆက်မှုတွေစတင်ပြုလုပ်လာတဲ့ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်ဟာ ပြိုင်ဘက်ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ ချဲလ်ဆီးနဲ့ လီဗာပူးတို့ကပစ်မှတ်ထားနေတဲ့ ဖရန့်ဖတ်တိုက်စစ်မှူး ဟူဂိုအက်ကီတီကီကိုခေါ်ယူနိုင်ဖို့ ဆွေးနွေးမှုတွေ စတင်ပြုလုပ်လာတယ်လို့ ဂျာမန်သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။
ချဲလ်ဆီးနဲ့လီဗာပူးတို့ဟာ အက်ကီတီကီကိုခေါ်ယူဖို့အတွက် ချိတ်ဆက်နေခဲ့တာဖြစ်ပြီး ဖရန့်ဖတ်ဘက်ကတော့ အသက်-၂၂ နှစ်အရွယ်ကစားသမားအတွက် တန်ကြေး ယူရိုသန်း ၁၀၀ အထိသတ်မှတ်ထားပါတယ်။ ဝုဗ်တောင်ပံကစားသမား မားသီးယက်စ်ကွန်ညာကိုခေါ်ယူထားပြီးဖြစ်ပေမယ့် ယူနိုက်တက်ဟာ နည်းပြ ရူဘင်အာမိုရင်ရဲ့ဦးဆောင်မှုနဲ့အတူ တိုက်စစ်ကိုသာ ဆက်လက်အင်အားဖြည့်တင်းဖို့ပြင်ဆင်နေပြီး အက်ကီတီကီကို ပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။
မကြာသေးမီက ယူနိုက်တက်ဟာ အစ်ဆွစ်ချ်တိုက်စစ်မှူး လီယမ်ဒီလပ်ကိုခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်ထားခဲ့ပေမယ့် ကစားသမားဟာ ချဲလ်ဆီးကိုသာရွေးချယ်ခဲ့တာကြောင့် အာမိုရင်အနေနဲ့ အခြားတိုက်စစ်မှူးတွေကို စောင့်ကြည့်နေခဲ့တာဖြစ်ပါတယ်။
Sky Germany ရဲ့အဆိုအရ ယူနိုက်တက်ဟာ အက်ကီတီကီကိုခေါ်ယူနိုင်ဖို့ အစွမ်းကုန်ကြိုးစားလာတာကြောင့် မကြာမီမှာပဲ ကမ်းလှမ်းမှုပြုလုပ်လာနိုင်တယ်လို့သိရပါတယ်။ ချဲလ်ဆီးအနေနဲ့လည်း အက်ကီတီကီကိုခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ယူရိုသန်း ၈၀ နဲ့ကမ်းလှမ်းခဲ့ပေမယ့် ဖရန့်ဖတ်က ယူရိုသန်း ၁၀၀ တောင်းဆိုထားတာကြောင့် သဘောတူညီမှုမရခဲ့ပါဘူး။
မကြာသေးမီကမှ လေဗာကူဆင်ကြယ်ပွင့် ဖလော်ရီယန်ဝက်ဇ်ကို တန်ကြေးကြီးကြီးနဲ့ခေါ်ယူထားခဲ့တဲ့ လီဗာပူးကလည်း အက်ကီတီကီကို စိတ်ဝင်စားနေဆဲဖြစ်ပြီး ခေါ်ယူဖို့ကြိုးစားနေတယ်လို့ သတင်းတွေကဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ရာသီက ဖရန့်ဖတ်အတွက် ပြိုင်ပွဲစုံ ၂၂ ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ အက်ကီတီကီရဲ့အပြောင်းအရွှေ့အတွက် လီဗာပူးဟာ ကနဦးဆွေးနွေးမှုတွေပြုလုပ်ထားခဲ့တယ်လို့သိရပါတယ်။
ယခုတစ်ပတ်အတွင်းမှာတော့ ဖရန့်ဖတ်ရဲ့အားကစားဒါရိုက်တာ မားကပ်စ်ခရိုရှဲက ယခုနွေရာသီအတွင်း အသင်းဟာ အက်ကီတီကီကိုမဖြစ်မနေရောင်းချဖို့ ဖိအားမရှိကြောင်း "တကယ်လို့ ကျွန်တော်တို့လက်ရှိသတ်မှတ်ထားတဲ့ ဈေးနှုန်းအတိုင်းမရရင် သူ့ကို အသင်းမှာပဲဆက်ထားသွားမှာပါ။ ကျွန်တော်တို့သူ့ကိုမရောင်းရလည်း ဘာမှမဖြစ်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။