The network connection is lost.

Banner Image

ပေါင်တစ်သန်းနီးပါး လောင်းကစားပြုလုပ်တဲ့ နည်းပြတစ်ဦးကို ပြင်းထန်ပြစ်ဒဏ်မှ ကွင်းလွတ်စေခဲ့တဲ့ အက်ဖ်အေ

ဘောလုံးလောင်းကစားခြင်းအပါအဝင် ပေါင်တစ်သန်းနီးပါး ငွေကြေးပမာဏကို အလောင်းအစားပြုလုပ်တဲ့ နည်းပြတစ်ဦးအပေါ် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)က ကြီးမားတဲ့ ပြစ်ဒဏ်ကျခံရမှုမှ ကင်းလွတ်စေခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြလာပါတယ်။
 
ဥပဒေအရအမည်ဖော်ပြနိုင်ခြင်းမရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးဟာ လောင်းကစား Account ရှစ်ခုအထိ ပိုင်ဆိုင်ထားပြီး လောင်းကစားစွဲနေသူဖြစ်တယ်လို့ ဝန်ခံခဲ့ကြောင်း The Athletic သတင်းဌာနမှ ဖော်ပြလာပါတယ်။ ယမန်နှစ်၊ တရားရုံးတစ်ခုရဲ့တရားခွင်မှာ ဘောလုံးသမားဟောင်းနှစ်ဦးရဲ့ သူ့အပေါ် ငွေညှစ်မှုတစ်ခုကို စစ်ဆေးစဉ် အခုလို ဝန်ခံမှုပေါ်ထွက်လာခဲ့တာပါ။
 
ဒီနည်းပြရဲ့ လောင်းကစားပြုလုပ်မှုအတော်များများဟာ မြင်းပွဲတွေမှာဖြစ်ပေမယ့် တရားရုံးတော်ကတော့ လောင်းကစားစွဲလမ်းနေတဲ့ နည်းပြဟာ ဘောလုံးပွဲတွေမှာ လောင်းကစားမှုပြုလုပ်ခြင်းဖြင့် အက်ဖ်အေရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်လို့ သုံးသပ်ခဲ့ပါတယ်။ ဒါပေမယ့် အက်ဖ်အေကတော့ အခုနည်းပြအပေါ် သတိပေးချက်ထုတ်ပြန်တာကလွဲလို့ အခြားအရေးယူမှု ကြီးကြီးမားမားမပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
 
အခုနှစ်အစောပိုင်း၊ လောင်းကစားမှုတွေပြုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်ဖြင့် ဘရန့်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန်တိုနေးကို အက်ဖ်အေက ရှစ်လတာပွဲပယ်ပြစ်ဒဏ် ချမှတ်ပြီးနောက် အခုဖြစ်စဉ် ပေါ်ထွက်လာတာပါ။ အက်ဖ်အေဘက်ကတော့ သူတို့ရဲ့ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ မေးခွန်းထုတ်မှုနဲ့ စိန်ခေါ်မှုတွေ မကြုံတွေ့ချင်လို့ သတင်းမီဒီယာတွေရဲ့အဝေးမှာ ဒီဆုံးဖြတ်ချက်ကို ဆက်လက်ထိန်းသိမ်းထားချင်ခဲ့တယ်လို့ The Athletic ရဲ့သတင်းမှာ ရှင်းပြထားပါတယ်။
 
တရားရုံးတော်မှာ ကြားနာခဲ့တဲ့ သက်သေတွေအရ အခုနည်းပြဟာ နှစ်နှစ်တာကာလအတွင်း ပေါင် ၈၇၉,၀၀၀ ကို လောင်းကစားပြုလုပ်ရာမှာ သုံးစွဲခဲ့ပြီး ပေါင် ၂၇၀,၀၀၀ ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ သူက ပုံမှန်အားဖြင့် ၅ ပေါင်မှ ပေါင် ၄၀၀ အထိ အလောင်းအစားတွေ ပြုလုပ်လေ့ရှိပြီး ဘောလုံးပွဲစဉ်အချို့မှာပဲ လောင်းကစားပြုလုပ်ခဲ့တယ်လို့ တရားရုံးတော်မှ သိရပါတယ်။ ဒါပေမယ့် ဒီလောင်းကစားမှုအနည်းငယ်မှာ သူကိုယ်တိုင်နည်းပြနေတဲ့အသင်းရဲ့ ပွဲစဉ်တွေ ပါဝင်သလားဆိုတာ ရှင်းရှင်းလင်းလင်း မသိခဲ့ရပါဘူး။
 
 
 
ငွေညှစ်မှုဖြင့် စွပ်စွဲခံထားရတဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့ အဲဗာတန် ကစားသမားဟောင်း အလန်ရော်ဂျာစ်၊ အဲဗာတန်လူငယ်ကစားသမားဟောင်း စတီဗင်ဂျန်နင်းစ်တို့ကို ပြီးခဲ့တဲ့နှစ်မှာ တရားရုံးတင်စစ်ဆေးဖို့ ကြိုးပမ်းခဲ့ပေမယ့် လောင်းကစားစွဲလမ်းနေတဲ့ နည်းပြဆိုသူက အမှုကို ပိတ်သိမ်းပေးဖို့ ဆုံးဖြတ်ခဲ့ချိန် ကစားသမားဟောင်းနှစ်ဦးကို တရားခွင်ရှေ့မှောက်စစ်ဆေးခြင်းမှ ကွင်းလွတ်သွားစေခဲ့ပါတယ်။
 
 
The Athleticရဲ့အဆိုအရ လောင်းကစားစွဲလမ်းနေသူနည်းပြဟာ သူ့ရဲ့လောင်းကစားမှုတွေအပေါ် အက်ဖ်အေရဲ့ စုံစမ်းစစ်ဆေးမှု တစ်ခုရှိလာချိန် အသင်းမှ ထွက်ခွာသွားသော်လည်း လက်ရှိမှာ အင်္ဂလန်ဘောလုံးလောက ထိပ်သီးအမှတ်ပေးပြိုင်ပွဲလေးခုအတွင်း ဆက်လက်ကျင်လည်နေဆဲပဲလို့ သိရပါတယ်။ ဒါပေမယ့် ဘာကြောင့် အမှုကို ကျေအေးပေးဖို့ ဆုံးဖြတ်သလဲဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့ တရားရုံးတော်ဆီ တင်ပြလာတဲ့ စာတစ်စောင်မှာ လောင်းကစားစွဲလမ်းနေသူ နည်းပြက သူ့ရဲ့အကျိုးစီးပွားထိခိုက်မှု ရှိလာမယ့် အရေးကို စိုးရိမ်ကြောင်း ဖော်ပြခဲ့ပါတယ်။ အက်ဖ်အေရဲ့ ပြင်းထန်ပြစ်ဒဏ်မပေးဖို့ ဆုံးဖြတ်ချက်ဟာ သူ့ရဲ့အခုလိုအမှုပိတ်သိမ်းမယ့် စိတ်ခံစားမှုအပေါ် လွှမ်းမိုးမှုရှိခဲ့သလားဆိုတာ ရှင်းရှင်းလင်းလင်း မသိခဲ့ရပါဘူး။ လောင်းကစားစွဲလမ်းနေသူ နည်းပြရဲ့အမည်ကို ဥပဒေအရ ဖော်ပြခွင့်မပေးထားချိန် သူ့ကို ပွဲပယ်ပြစ်ဒဏ်ချမှတ်လိုက်မယ်ဆိုပါက ဘယ်သူလဲဆိုတာ ပေါ်ပေါက်လာမှာဖြစ်လို့ ဒီအမှုကိစ္စက အက်ဖ်အေအတွက် ရှုပ်ထွေးမှုတွေ ပေါ်ပေါက်စေခဲ့ပါတယ်။
 
အက်ဖ်အေရဲ့လောင်းကစားမှုဆိုင်ရာ စည်းမျဉ်းတွေကို ချိုးဖောက်တယ်လို့ဆိုကာ နော်တင်ဟမ်ဖောရက်စ် နောက်ခံလူ တော့ဖ်ဖိုလိုကို ဆိုင်းငံ့ငါးလပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ပြီးနောက် ၂၄ နာရီအတွင်း အခုသတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။