လွန်ခဲ့တဲ့ ၂ ရက်အတွင်း ပရိသတ်အားပေးမှု လျော့နည်းခဲ့ခြင်းကြောင့် ချဲလ်ဆီးနည်းပြဘဝတစ်လျှောက် အဆိုးဝါးဆုံး ၄၈ နာရီဖြစ်ခဲ့တယ်လို့ ဖွင့်ဟလာတဲ့ မာရက်စ်ကာ
ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာက လွန်ခဲ့တဲ့ ၂ ရက်အတွင်း ပရိသတ်အားပေးမှု လျော့နည်းခဲ့ခြင်းကြောင့် ချဲလ်ဆီးနည်းပြဘဝတစ်လျှောက် အဆိုးဝါးဆုံး ၄၈ နာရီဖြစ်ခဲ့တယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ပြိုင်ပွဲစုံ ၄ ပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးခဲ့တဲ့ ချဲလ်ဆီးဟာ စနေနေ့ က စတန်းဖို့ဒ်ဘရစ်ချ်မှာ အဲဗာတန် ကို သက်တောင့်သက်သာ ၂-၀ နဲ့ အနိုင်ရခဲ့ပြီးနောက် အနိုင်လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။
အဲဗာတန်နဲ့ပွဲမတိုင်မီက ချဲလ်ဆီးဟာ ၄ ပွဲဆက်တိုက် အနိုင်မရခဲ့ဘဲ ချန်ပီယံလိဂ်ဝင်ခွင့်နေရာမှ ချော်ထွက်သွားခဲ့တာကြောင့် အသက် - ၄၅ နှစ်အရွယ် မာရက်စ်ကာအပေါ် ဖိအားတွေ တိုးပွားလာခဲ့ပါတယ်။ ပွဲအပြီးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မာရက်စ်ကာက သူ့ရဲ့ ကလပ်အသင်းမှာရှိခဲ့တဲ့ ကာလအတွင်း ပြီးခဲ့တဲ့ နောက်ဆုံး ၄၈ နာရီဟာ သူ့အတွက် 'အဆိုးရွားဆုံးကာလ ဖြစ်ခဲ့ကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံပြောကြားခဲ့ပါတယ်။
အဲဗာတန်နဲ့ပွဲမှာ ဂိုးသွင်းယူခဲ့သလို ဂိုးဖန်တီးပေးခဲ့သည့် မာလို ဂူစတိုနဲ့ပတ်သက်ပြီး မေးမြန်းမှုပြုလုပ်ရာမှာ မာရက်စ်ကာက-
"ဒါက ကျွန်တော် ကစားသမားတွေကို ချီးကျူးရတဲ့ အကြောင်းရင်းပဲ။ ဘာလို့လဲဆိုတော့ ပြဿနာပေါင်းများစွာနဲ့ ရှုပ်ထွေးတဲ့ တစ်ပတ်အပြီးမှာ သူတို့ဟာ အရမ်းကောင်းအောင် လုပ်နေလို့ပါ။"
"ကျွန်တော် ကလပ်ကို စဝင်ရောက်ချိန်ကစလို့ နောက်ဆုံး ၄၈ နာရီဟာ ကျွန်တော်ရဲ့ချဲလ်ဆီးနည်းပြဘဝ အဆိုးရွားဆုံး ၄၈ နာရီပါပဲ။ ဘာလို့လဲဆိုတော့ လူအများကြီးက ကျွန်တော်တို့ကို အားမပေးခဲ့ဘူးလေ။ ဒါကြောင့် မာလိုရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ ကျန်တဲ့သူတွေရဲ့ ကြိုးစားမှုက သူတို့အားလုံး အဆင်သင့်ရှိနေပြီး ဒီကလပ်ကို ကူညီချင်ကြတာကို ပြသနိုင်ခဲ့တဲ့ အဲ့ဒီအချိန်အတွက် အရမ်းပျော်ရပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
အဓိပ္ကာယ်ကို ဆက်လက်မေးမြန်းရာမှာတော့ အီတလီသားနည်းပြက "ကျွန်တော် ကလပ်ကို စရောက်ခဲ့တဲ့အချိန်ကစပြီး အဆိုးဆုံး ၄၈ နာရီပေါ့။ ဘာလို့လဲဆိုတော့ လူတွေက ကျွန်တော်နဲ့ အသင်းကို အားမပေးခဲ့ဘူးလေ" ဟု ပြန်လည်ဖြေကြားခဲ့ပါတယ်။
အဆိုပါကိစ္စဟာ အသင်းတွင်းပြဿနာ ဒါမှမဟုတ် ချဲလ်ဆီးပရိသတ်တွေနဲ့ သက်ဆိုင်တဲ့ ကိစ္စ ဟုတ်မဟုတ် မေးမြန်းရာမှာ မာရက်စ်ကာက - "ယေဘုယျအားဖြင့်ပါ။ ကျွန်တော် ပရိသတ်တွေကို ချစ်ပြီး ပရိသတ်တွေနဲ့ ပတ်သက်ပြီး အရမ်းပျော်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။