
မန်စီးတီးနဲ့ပွဲမှာ မာဒူကီဒဏ်ရာရရှိသွားကြောင်း အသိပေးပြောကြားလာတဲ့ အာတီတာ
အာဆင်နယ်နည်းပြမီခေးလ်အာတီတာက အသင်းရဲ့တောင်ပံကစားသမား နိုနီမာဒူကီဟာ တနင်္ဂနွေနေ့က မန်ချက်စတာစီးတီးနဲ့ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ကြောင်း အသိပေးပြောကြားလာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ မန်စီးတီးဟာ တိုက်စစ်မှူး အာလင်းဟာလန်းရဲ့သွင်းဂိုးနဲ့ အာဆင်နယ်ကို စောစောစီးစီးစတင်ဦးဆောင်နိုင်ခဲ့ပေမယ့် လူစားဝင်ကစားသမား ဂါဘရီရယ်မာတင်နယ်လီက အာဆင်နယ်အတွက် ပွဲပြီးကာနီးမှာ ပြန်လည်ချေပခဲ့တာကြောင့် ၁-၁ ဆိုတဲ့သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။
ယခုပွဲစဉ်မှာ အာတီတာဟာ အသင်းရဲ့ပွဲထွက်လူစာရင်းမှာ မာဒူကီကို ထည့်သွင်းလာခဲ့ပြီး ဘူကာယိုဆာကာနဲ့ အီဘရီချီအီဇီတို့ကို အရန်ကစားသမားအဖြစ်သာထည့်သွင်းခဲ့ပါတယ်။ မာဒူကီအနေနဲ့ ပထမပိုင်းအတွင်း မန်စီးတီးရဲ့နောက်တန်းအတွက် အန္တရာယ်အရှိဆုံးကစားသမားဖြစ်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ဆာကာနဲ့လူစားလဲခံခဲ့ရပါတယ်။
ဒါကြောင့် ခြေစွမ်းပြနေတဲ့မာဒူကီကို ဘာကြောင့်လူစားလဲခဲ့သလဲဆိုတော့ မေးခွန်းထုတ်မှုတွေရှိလာခဲ့ပြီး ယခုအခါမှာတော့ အာတီတာက အင်္ဂလန်သားဟာ ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ရတာကြောင့် လူစားလဲခဲ့ရတာဖြစ်တယ်လို့ ရှင်းပြလာခဲ့ပါတယ်။
မာဒူကီကိုထုတ်ပယ်ခဲ့ခြင်းမှာ နည်းစနစ်အရဆုံးဖြတ်ချက်ကြောင့်လားလို့ မေးမြန်းခဲ့ရာ အာတီတာက "မဟုတ်ပါဘူး။ သူက ဒီပွဲအစမှာကတည်းက ဒဏ်ရာပြဿနာရှိနေခဲ့ပြီး ဆက်ကစားဖို့ လုံလောက်တဲ့အခြေအနေမရှိခဲ့လို့ပါ" လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။ အာတီတာရဲ့ပြောကြားချက်အရ မာဒူကီရဲ့ဒဏ်ရာဟာ ပြင်းထန်ပုံမရတာကြောင့် အင်္ဂလန်သားဟာ အာဆင်နယ်ရဲ့လာမယ့်ပွဲစဉ်တွေမှာ ပြန်လည်ပါဝင်ကစားသွားနိုင်ချေရှိပါတယ်။
မာဒူကီဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ ချဲလ်ဆီးမှ အာဆင်နယ်သို့ ပေါင် ၅၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ချဲလ်ဆီးမှာ ခြေစွမ်းမပြခဲ့သမျှ အာဆင်နယ်မှာတော့ ထိပ်တန်းခြေစွမ်းတွေပြသနေပြီး ပွဲထွက်ခွင့်တွေပါ ရရှိနေတာဖြစ်ပါတယ်။ သို့သော်လည်း ယခုအခါမှာတော့ ကစားသမားဟာ မာတင်အိုဒီဂတ်၊ ကိုင်ဟားဗတ်ဇ်၊ ဂါဘရီရယ်ဂျီးဆပ်တို့နဲ့အတူ ဒဏ်ရာရစာရင်းထဲရောက်ရှိလာတာကြောင့် အာဆင်နယ်အတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာခဲ့ပါတယ်။
လာမယ့်ကြာသပတေးနေ့မှာတော့ အာဆင်နယ်ဟာ ကာရာဘောင်ဖလား တတိယအဆင့်ပွဲစဉ်အဖြစ် လိဂ်ဝမ်းကလပ် ပေါ့ဗေးလ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး တနင်္ဂနွေနေ့မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နယူးကာဆယ်နဲ့ယှဉ်ပြိုင်သွားရပါမယ်။