The network connection is lost.

Banner Image

ပေါ့တ်ဗေလီနဲ့ပွဲမှာ ဆာကာကိုဘာကြောင့်လူစားလဲခဲ့ရလဲဆိုတာကို အာတီတာ ထုတ်ဖော်ပြောကြား

အာဆင်နယ်နည်းပြ အာတီတာက ကာရာဘောင်ပွဲအဖြစ် ပေါ့တ်ဗေလီနဲ့ပွဲမှာ ဆာကာကို ဒဏ်ရာအခြေအနေစိုးရိမ်တာကြောင့် လူစားလဲခဲ့တာ်လို့ ပြောကြားလိုက်ပါတယ်။ အာဆင်နယ်ဟာ အဆိုပါပွဲမှာ ၂-၀ နဲ့အနိုင်ရရှိခဲ့ပြီး နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ အင်္ဂလန်သားဟာ အဆိုပါပွဲမှာ ပြိုင်ဘက်ကစားသမားရဲ့ဖျက်ထုတ်မှုကြောင့် အနည်းငယ်ထိခိုက်မိခဲ့တာဖြစ်ပြီး ပရိသတ်တွေအတွက် စိုးရိမ်စရာဖြစ်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အတွက် ဦးဆောင်ဂိုးကို ကစားသမားသစ် အိဇီးက ပွဲကစားချိန် ၈ မိနစ်မှာသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူနိုင်ခဲ့ပေမယ့်လည်း အာဆင်နယ်ဟာ ပြိုင်ဘက်ကို အလဲထိုးနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ အဲ့နောက် အာဆင်နယ်အတွက် အနိုင်သေချာစေမယ့်ဂိုးကို လူစားဝင်ကစားသမား ထရိုဆက်က ပွဲကစားချိန် ၈၆ မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။ ဆာကာဟာ အဆိုပါတောင်ပံမှာ အသင်းအတွက်အကျိုးပြုနိုင်ခဲ့ပေမယ့် ပြိုင်ဘက်ကစားသမားတွေရဲ့ကြမ်းတမ်းတဲ့ကစားဟန်ကြောင့် အနည်းငယ်ကုသမှုခံယူခဲ့ရပါတယ်။

အင်္ဂလန်သားဟာ မကြာသေးခင်တုန်းကမှ တံကောက်ကြောဒဏ်ရာကနေ ပြန်လာနိုင်ခဲ့တာဖြစ်ပြီး ၃ ပွဲလောက်နားခဲ့ရပါတယ်။ အခုပွဲမှာလည်း ပွဲဦးထွက်ပါဝင်ကစားခဲ့ပေမယ့် ပွဲကစားချိန် ၆၃ မိနစ်မှာ အသက် ၁၅ နှစ်သား ဒေါင်းမန်းနဲ့ လူစားလဲခံခဲ့ရပါတယ်။ ပွဲအပြီးမှာ အာတီတာက ဆာကာရဲ့ဒဏ်ရာအခြေအနေကို စိုးရိမ်တာကြောင့် လူစားလဲခဲ့တာလို့ ပြောကြားခဲ့ပါတယ်။

“မှန်ပါတယ်။ အဲ့တာက အစီအစဉ်ရှိတာအမြဲရှိပါတယ်။ သူ့ကိုအချိန်တစ်ခုလောက်အထိ ကစားစေချင်ခဲ့တာပါ။ ပွဲတွေအများကြီးကန်ရဦးမှာဖြစ်ပြီး သူ့အနေနဲ့ ဒဏ်ရာကနေ ပြန်လာနိုင်ခါစပဲရှိတာပါ။ ကျွန်တော်တို့ လူစာရင်းကို စီမံခန့်ခွဲဖို့ လိုအပ်ပါတယ်။ လာမယ့်အပတ်မှာ သူပါဝင်နိုင်မှာပါ။ သေချာပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

အာတီတာအတွက် ဆာကာဒဏ်ရာမရတာက အသက်ရှုချောင်စေခဲ့ပြီး လက်ရှိမှာ အိုဒီဂတ် ၊ မာဒူကီတို့ ဒဏ်ရာရရှိနေပါတယ်။ မာဒူကီ မန်စီးတီးနဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ၂ လလောက်နားရနိုင်တယ်လို့ သိရပါတယ်။ အာဆင်နယ်ဟာ လာမယ့်တနင်္ဂနွေနေ့မှာ အက်ဒီဟိုဝီရဲ့နယူးကာဆယ်အသင်းနဲ့ကစားရမှာဖြစ်ပြီး အဝေးကွင်းကစားရမှာဖြစ်တာကြောင့် ခက်ခဲဖွယ်ရှိနေပါတယ်။လီဗာပူးကို ဆက်လက်ဖိအားပေးနိုင်ဖို့ အာဆင်နယ်အနေနဲ့ နယူးကာဆယ်နဲ့ပွဲမှာ ၃ မှတ်ပြည့်ရယူနိုင်ဖို့ လိုအပ်နေပါတယ်။