The network connection is lost.

Banner Image

ဗန်ဒိုက်ရဲ့အလားအလာကို အစောဆုံးမြင်တွေ့ခဲ့ရပေမယ့် အပြောင်းအရွှေ့အတွက် ငွေကြေးမရှိခဲ့ဘူးလို့ ဆိုလိုက်တဲ့ ရော်နယ်ကိုးမန်း

နယ်သာလန်နည်းပြရော်နယ်ကိုးမန်းက ဗန်ဒိုက်ရဲ့အလားအလာကို အစောဆုံးမြင်တွေ့ခဲ့ရသူဖြစ်ပေမယ့် ကစားသမားခေါ်ယူနိုင်ရေးအတွက် ငွေကြေးမတက်နိုင်ခဲ့ဘူးလို့ ဖွင့်ပြောခဲ့ပါတယ်။ မော်လ်တာနဲ့ရင်ဆိုင်ရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ပြင်ဆင်နေတဲ့ နယ်သာလန်နည်းပြရော်နယ်ကိုးမန်းနဲ့ အသင်းခေါင်းဆောင်ဗန်ဒိုက်တို့က ပွဲကြိုသတင်းစာရှင်းလင်းပွဲဆီ အတူတကွတက်ရောက်လာခဲ့ပါတယ်။

နယ်သာလန်လက်ရွေးစင်အသင်းက မော်လ်တာအသင်းကို FC ဂရိုနင်ဂျင်ရဲ့ယူရိုဘော့ကွင်းမှာ ဧည့်ခံကစားပါလိမ့်မယ်။ ဒါက ၁၉၈၃ ခုနှစ်နောက်ပိုင်း ဂရိုနင်ဂျင်ရဲ့ကွင်းမှာ နယ်သာလန်လက်ရွေးစင်အသင်း ပထမဆုံးအကြိမ်ပြန်ကစားတဲ့ပွဲစဉ် ဖြစ်ပါတယ်။ ၁၉၈၃ ခုနှစ်တုန်းကတော့ ဂရိုနင်ဂျင်မှာ နယ်သာလန်က အိုက်စလန်ကို ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် သုံးဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ဒီညမှာ နယ်သာလန်နည်းပြဘ၀ ပွဲ ၅၀ ပြည့်မြောက်မယ့် ရော်နယ်ကိုးမန်းကိုယ်တိုင်လည်း လက်ရွေးစင်အဆင့်ကစားသမားဘဝပွဲဦးထွက်ကို ဂရိုနင်ဂျင်မှာ ကစားခဲ့ရပြီး ဆွီဒင်ကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။

ဂရိုနင်ဂျင်က ဗန်ဒိုက်ဖွံ့ဖြိုးကြီးထွားခဲ့ရာ အရပ်ဒေသလည်း ဖြစ်ပါတယ်။ ဗန်ဒိုက်ရဲ့ ဂရိုနင်ဂျင်ကစားသမားဘဝနေ့ရက်တွေမှာ ဖီယင်နုနည်းပြဖြစ်နေခဲ့တဲ့ ရော်နယ်ကိုးမန်းက ဗဟိုခံစစ်မှူးရဲ့အလားအလာကောင်းတွေကို မြင်တွေ့ခဲ့ပြီး ရိုတာဒမ်ဆီခေါ်ယူဖို့ လိုလားခဲ့ပါတယ်။ 

ရော်နယ်ကိုးမန်းက “ အဲ့ဒီအချိန်တုန်းက အဲ့ဒီလိုစိတ်ကူးမျိုးရှိခဲ့ပေမယ့် ကျွန်တော်တို့မှာ ငွေကြေးမရှိခဲ့ပါဘူး။ နောက်ပိုင်း ကျွန်တော်လည်း ဆောက်သမ်တန်ဆီရောက်ရှိသွားပြီး အပြောင်းအရွှေ့အတွက် ငွေကြေး လုံလုံလောက်လောက် ရရှိခဲ့ပါတယ်။ ဒါကြောင့် ဗန်ဒိုက်ကို ကျွန်တော် လက်မှတ်ထိုးခေါ်ယူနိုင်ပါပြီ။

အမှန်ပါပဲ၊ ကျွန်တော်က ဂရိုနင်ဂျင်အတွက် ဗန်ဒိုက်ကစားပေးနေချိန်မှာတောင် အရမ်းကောင်းမွန်တဲ့ အလားအလာတွေ သူ့မှာရှိတယ်ဆိုတာကို အမြဲလိုလိုမြင်တွေ့ထားခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ သူကိုယ်တိုင်လည်း စစ်မှန်တဲ့ခေါင်းဆောင်တစ်ဦးအဖြစ် အလျှင်အမြန်တိုးတက်လာခဲ့ပါတယ်။ ဒီအတွက် သူကိုယ်တိုင်လည်း ဂုဏ်ယူနိုင်ပါလိမ့်မယ်”လို့ ပြောပါတယ်။

ဂရိုနင်ဂျင်မှာပဲ မွေးဖွားကြီးပြင်းခဲ့တဲ့ ကိုးမန်းက မွေးရပ်မြေဆီ ပြန်လည်ရောက်ရှိလာလို့ အလွန်ပျော်ရွှင်နေခဲ့ပါတယ်။ သူက “ ကျွန်တော့်အတွက် ဂရိုနင်ဂျင်ကို သဘောကျနှစ်ခြိုက်စရာ အကြောင်းအရာတွေ အများကြီးရှိပါတယ်။ ကျွန်တော့်ရဲ့ကလေးဘဝတစ်ခုလုံးကို ဒီအရပ်ဒေသမှာပဲ ကုန်ဆုံးခဲ့တာပါ။ အခု ဒီနေရာမှာ ပြန်ကစားရတာ အရမ်းကောင်းပါတယ်။ ဒတ်ချ်လက်ရွေးစင်အသင်းလည်း ရောက်ရှိလာနေလို့ ဂရိုနင်ဂျင်ဒေသခံတွေအတွက် အံ့အားသင့်စရာဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်”လို့ ဆိုပါတယ်။

အလားတူ ဗန်ဒိုက်ကလည်း “ ဂရိုနင်ဂျင်ဒေသဆိုတာ ကျွန်တော့်အတွက်လည်း အလွန်အရေးကြီးခဲ့ပါတယ်။ ဒီမှာ တစ်ဦးတည်းအကြာကြီးနေခဲ့ဖူးသလို ကျွန်တော့်ရဲ့ဇနီးသည်နဲ့လည်း ဒီမှာပဲ ဆုံတွေ့ခဲ့တာပါ။ အဲ့ဒီအချိန်မှာကတည်းက ကျွန်တော့်အတွက် အပေါင်းလက္ခဏာဆောင်တဲ့အမှတ်ရစရာတွေပဲ ရှိခဲ့ပါတယ်”လို့ ပြောပါတယ်။