
အီတလီလက်ရွေးစင်အသင်းပြိုလဲမှုနဲ့ပတ်သက်ပြီး လူတိုင်းမှာတာဝန်ရှိတယ်လို့ ပြစ်တင်ဝေဖန်လိုက်တဲ့ ဒီဇာဘီ
မာဆေးလ်နည်းပြရော်ဘတ်တိုဒီဇာဘီက လတ်တလောအခက်အခဲတွေအကြား ရုန်းကန်နေရတဲ့ အီတလီလက်ရွေးစင်အသင်းအတွက် လူတိုင်းမှာတာဝန်ရှိတယ်လို့ ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ အီတလီက ယူရို-၂၀၂၀ ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပေမယ့် နောက်ဆုံးကျင်းပတဲ့ကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ကြိမ်လုံးကို လွဲချော်ခဲ့ပြီး လက်ရွေးစင်အဆင့်မှာ ပုံစံကောင်းရရှိဖို့ အံ့အားသင့်ဖွယ်ရုန်းကန်ခဲ့ရပါတယ်။ ဒါ့အပြင် သူတို့တွေက နည်းပြဟောင်းစပယ်လက်တီကို ရာထူးမှမထုတ်ပယ်ခင်အထိ ရှုံးပွဲတွေ ဆက်တိုက်ဆိုသလို ရင်ဆိုင်ခဲ့ရပါတယ်။
ဒါ့အပြင် အီတလီက လက်ရှိကမ္ဘာ့ဖလားခြေစစ်ပွဲ(ဥရောပဇုန်)ရဲ့ အုပ်စုတတိယနေရာမှာ ရပ်တည်နေလို့ ကမ္ဘာ့ဖလားပြိုင်ပွဲကို သုံးကြိမ်ဆက်လွဲချော်မယ့်အရေးနဲ့လည်း စိုးရိမ်ဖွယ်ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် အီတာလျံလူမျိုးမာဆေးလ်နည်းပြဒီဇာဘီက လက်ရွေးစင်အသင်းအတွက် လူငယ်ကြယ်ပွင့်ရှားပါးနေမှုကို ထောက်ပြခဲ့ပြီး လက်ရှိအကျပ်အတည်းအတွက် လူတိုင်းကို အပြစ်တင်သွားခဲ့ပါတယ်။
ဒီဇာဘီက “ နော်ဝေး vs အီတလီ ပွဲစဉ်လား? နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေတဲ့ အီတာလျံတစ်ဦးအတွက် ပိုလို့တောင် နာကျင်ရပါတယ်။ ဒါက ခင်ဗျားကြားထားရတဲ့အရာနဲ့ လုံးဝမတူညီတာ(သို့မဟုတ်) တစိတ်တပိုင်းအားဖြင့် မတူညီတာမျိုးဖြစ်မယ်လို့ ထင်ပါတယ်။ ကျွန်တော်ကတော့ ဒါကို အဆင့်အတန်းတစ်ခုမှာရှိနေတဲ့ကစားသမားတွေကို မွေးထုတ်ပေးဖို့ ရုန်းကန်နေရတဲ့ ကာလတစ်ခုဖြစ်မယ်လို့ ထင်ပါတယ်။ တစ်ခုခုတော့ မှားနေပြီဆိုတာ သေချာပါတယ်။ကျွန်တော်က ဘယ်သူ့ရဲ့အမှားဆိုပြီး နာမည်တပ်စွပ်စွဲမှာ မဟုတ်ပါဘူး။တိတိကျကျပြောရရင် အရန်ခုံတန်းမှာ တာဝန်ရှိဖူးတဲ့ နည်းပြအားလုံးနဲ့ မသက်ဆိုင်ပါဘူး။
တော့တီ၊ ဒယ်လ်ပီယာရို၊ အင်ဇာဂီ၊ မွန်တဲလား (သို့မဟုတ်) ဗီယာရီတို့မရှိဘဲ ကာလအတော်ကြာ ဖြတ်သန်းခဲ့ပြီးပြီလို့ ထင်ပါတယ်။ ဒီနေရာတွေအတွက် ဘယ်သူ့ကိုခေါ်လာရမလဲဆိုတာလည်း မသိထားခဲ့ပါဘူး။ အခုအချိန်၊ ပြင်သစ်ဆိုရင်လည်း ဒီလိုအရာတွေ ရှိနေပြီ၊ စပိန်လည်း အလားတူပါပဲ၊ ဒါပေမဲ့ အီတလီမှာတော့ မရှိပါဘူး။ ဘာရယ်လာ၊ ဘတ်စ်တိုနီ၊ တိုနာလီ၊ လိုကာတယ်လီတို့လို အားကောင်းတဲ့ကစားသမားအချို့ ရှိပေမယ့် အသင်းအတွက် တိကျတဲ့အဆင့်အတန်းတစ်ခုမရှိနေသေးတဲ့ကာလမျိုး ဖြစ်ပါတယ်။ နော်ဝေးနဲ့ပွဲစဉ်မှာ စိတ်ပိုင်းဆိုင်ရာသာမက ခြေစွမ်းပိုင်းပါ နိမ့်ကျနေခဲ့ပါတယ်။
ဘာတွေဖြစ်ပျက်ခဲ့သလဲ? အီတလီက နော်ဝေးဆီထွက်ခွာလာခဲ့ပြီး အေးမြတဲ့ရာသီဥတုအောက် အရမ်းအားကောင်းတဲ့ပြိုင်ဘက်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ခက်ခဲတဲ့ဘောလုံးရာသီတစ်ခု ပြီးဆုံးကာစဖြစ်လို့ အခုလိုပွဲစဉ်မျိုးအတွက် ပြင်ဆင်ရတာ လူတိုင်းအတွက် မလွယ်ကူလှပါဘူး။ အသင်းလူစာရင်းပိုင်းမှာလည်း အရည်အသွေးပိုင်း အမြဲလိုလိုအားနည်းနေခဲ့ပါတယ်။ အဆင့်အတန်းက အတော်လေးနိမ့်ကျနေပြီလို့ ထင်ပါတယ်။ ဒါက ဒီစနစ်ထဲမှာပါဝင်သူအားလုံးရဲ့ အမှားပဲ ဖြစ်ပါတယ်”လို့ ပြောပါတယ်။
အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဌဂရာဗီနာကတော့ လက်ရွေးစင်အသင်းအတွက် နည်းပြသစ်တစ်ဦးခန့်အပ်နိုင်ဖို့ စောင့်ဆိုင်းနေပြီး စပယ်လက်တီနေရာအစားထိုးဖို့ကိစ္စကို အလောတကြီးလုပ်ဆောင်မှာမဟုတ်ဘူးလို့ ရှင်းပြပါတယ်။
သူက “ ဒီနေ့ အစည်းအဝေးမရှိပါဘူး။ အခုကိစ္စနဲ့ပတ်သက်လို့လည်း ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်။ နာမည်တစ်ခုအတွက်မဟုတ်ဘဲ တုံ့ပြန်နိုင်ရေးအတွက်ကို အချိန်ယူခဲ့ပါတယ်။ ဒါက နည်းပြခန့်အပ်ရေးကိစ္စမဟုတ်ပါဘူး။ကျွန်တော်တို့မှာ အချိန်ရှိနေလို့ လက်တွေ့အကောင်အထည်ဖော်နိုင်မယ့်စီမံကိန်းတစ်ခုနဲ့အတူ ရှေ့ဆက်သွားနိုင်မလားဆိုတာ ဆုံးဖြတ်ရပါမယ်”လို့ ပြောပါတယ်။