The network connection is lost.

Banner Image

ယာမယ်လ်ရဲ့ခြေစွမ်း အံ့အားသင့်စရာကောင်းသလို ဘယ်တော့မှအရှုံးပေးမှာမဟုတ်တဲ့ အင်တာလို့ ကြွေးကြော်ခဲ့တဲ့ ဘတ်စ်တိုနီ

ဒီနေ့မနက်ပိုင်း၊ တဖက်သုံးဂိုးစီသရေကျခဲ့တဲ့ သည်းထိတ်ရင်ဖိုချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပ-ကျော့ပွဲစဉ်အတွင်း လမိုင်းယာမယ်လ်ရဲ့မယုံကြည်နိုင်စရာခြေစွမ်းက ဘတ်စ်တိုနီအတွက် စိတ်ပျက်စရာဖြစ်ခဲ့ပေမယ့် အင်တာမီလန်အသင်းအနေဖြင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ရောက်နိုင်ရေးအတွက် ဘာစီလိုနာနဲ့အပြိုင် အဆုံးထိ တိုက်ပွဲဝင်သွားလိမ့်မယ်လို့ ဗဟိုခံစစ်မှူးက ပြောကြားလိုက်ပါတယ်။

အခုပွဲစဉ်ရဲ့အစောပိုင်းမိနစ်တွေမှာ ဧည့်သည်တွေက ဦးဆောင်ဂိုးနှစ်ဂိုးအထိ သွင်းယူကာ အိမ်ရှင်ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပြီး သိပ်မကြာခင်မှာပဲ ယာမယ်လ်က ဘာစီလိုနာအတွက် ဗွေဆော်ဦးချေပဂိုး သွင်းယူခဲ့ပါတယ်။ ဒီနောက်မှာတော့ ဖာရန်တောရက်စ်က ပထမပိုင်းပွဲချိန်မပြီးဆုံးခင် ရလဒ်ပိုင်းညီမျှစေမယ့် ချေပဂိုးကို ရှာဖွေသွားခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်မှာလည်း ဒမ်ဖရီးစ်ရဲ့သွင်းဂိုးနဲ့ အင်တာမီလန်တို့ နောက်တစ်ကြိမ်ထပ်ဦးဆောင်ခဲ့ပေမယ့် ဂိုးသမားယန်းဆွန်းမား ဘယ်လိုမှမကာကွယ်နိုင်တဲ့ ရာဖင်ဟာရဲ့ထိုးဖောက်ကန်သွင်းမှုမှတဆင့် ဘာစီလိုနာတို့ ချက်ချင်းဆိုသလို ချေပဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ပွဲစဉ်အပြီး ဘတ်စ်တိုနီက “ အခုပွဲစဉ်မှာ ကျွန်တော်တို့လည်း ပျော်ရွှင်ခဲ့ကြပါတယ်။ ဘာစီလိုနာက ကစားသမားကောင်းတွေနဲ့အတူ အင်အားတောင့်တင်းတဲ့ကလပ်အသင်းတစ်ခု ဖြစ်ပါတယ်။ ဒီလိုအသင်းမျိုးနဲ့ ရင်ဆိုင်ရချိန် ကိုယ့်ရဲ့အရည်အသွေးကို ပြန်တိုင်းတာရတာ အမြဲတမ်းလိုလိုကောင်းမွန်ပါတယ်။ ခြုံပြီးပြောရရင်တော့ ဒါက ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်တစ်ခု ဖြစ်ပါတယ်။ နှစ်သင်းလုံးအတွက် အခွင့်အရေးကိုယ်စီ ရှိခဲ့ပါတယ်”လို့ ပြောပါတယ်။

အထူးသဖြင့် ပထမပိုင်းပွဲချိန်အတွင်း အင်တာမီလန်ခံစစ်ပိုင်းကို လမိုင်းယာမယ်လ် အတော်လေးဒုက္ခပေးခဲ့သလို အသက်-၁၇ နှစ်သားရဲ့ကန်ချက်နှစ်ကြိမ်လည်း ဂိုးတိုင်ထိထွက်ခဲ့ပါတယ်။ ဘတ်စ်တိုနီက “ ယာမယ်လ်က မယုံကြည်နိုင်စရာကောင်းတဲ့ ကစားသမားမျိုးပါ။ ဒါကိုတော့ ဝန်ခံသွားရပါလိမ့်မယ်။

အထူးသဖြင့် ယာမယ်လ်က အခုအချိန်မှာ ကမ္ဘာ့အကောင်းဆုံးတောင်ပံကစားသမားတစ်ဦး ဖြစ်နိုင်ပါတယ်။ သူရဲ့အသက်အရွယ်ကလည်း ၁၇ နှစ်ပဲ ရှိပါသေးတယ်။ ကျွန်တော်တို့က ကစားသမားလေးကို အသိအမှတ်ပြုပေးရမှာဖြစ်သလို သူရဲ့လာမာစီယာလုပ်ဖော်ကိုင်ဖက်တွေကိုလည်း အသိအမှတ်ပြုပေးရပါမယ်”လို့ ဆိုပါတယ်။ ဒီနေ့ပွဲစဉ်မှာ ပြိုင်ပွဲစုံနောက်ဆုံးသုံးပွဲဆက်ရှုံးနိမ့်ထားတဲ့ အင်တာမီလန်ဆီမှ ပရိသတ်တွေက အများကြီးမမျှော်လင့်ခဲ့ပေမယ့် မီလန်အခြေစိုက်ကလပ်အသင်းအနေဖြင့် အကောင်းဆုံးခြေစွမ်းနဲ့အတူ ဖျော်ဖြေပေးသွားခဲ့ပါတယ်။ 

ဘတ်စ်တိုနီက “ လွန်ခဲ့တဲ့သီတင်းပတ်အတွင်း ကျွန်တော်တို့ကြုံတွေ့ခဲ့ရတဲ့အရာတွေကြောင့် အရာရာတိုင်းက မလွယ်ကူခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့အင်တာမီလန်အသင်းဟာ ဒီနေရာမှာရှိနေခဲ့ပြီး ဘယ်တော့မှအရှုံးပေးသွားမှာမဟုတ်ဘူးဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်”လို့ ဆက်ပြောပါတယ်။ ဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံမှုရဲ့ဒုတိယအကျော့ပွဲစဉ်ကို မေလပထမပတ်၊ ဆန်စီရိုမှာ ကစားသွားဖို့ရှိနေပြီး အင်တာမီလန်အသင်းအတွက် အိမ်ကွင်းအားသာချက် ရှိလာနိုင်ပါတယ်။

ဘတ်စ်တိုနီက “ ဒါက ကျွန်တော်ရဲ့ အခုရာသီ၊ ၅၇ ပွဲမြောက်ဖြစ်မယ်လို့ ထင်ပါတယ်။ အခုဒုတိယအကျော့ပွဲစဉ်မှာ နှစ်သင်းလုံးအတွက် အခွင့်အရေးဆတူပါပဲ။ ကျွန်တော်တို့နှစ်သင်းလုံး ဝ-၀ ဂိုးအနေအထားနဲ့ ပြန်စရမှာဖြစ်ပြီး အနိုင်ရရှိတဲ့အသင်း ဗိုလ်လုပွဲရောက်ရှိသွားပါလိမ့်မယ်။ ဒီနေ့မှာပြသသွားတဲ့ စိတ်ဓါတ်ပိုင်းနဲ့ ခံယူချက်ပိုင်းတွေကို ဒုတိယအကျော့မှာလည်း ပြသသွားရပါမယ်”လို့ ပြောပါတယ်။