The network connection is lost.

Banner Image

ပြီးခဲ့တဲ့ရာသီက လိုအပ်တဲ့စွမ်းဆောင်ရည်မျိုး ပြသနိုင်ခဲ့ခြင်းမရှိကြောင်း ဝန်ခံပြောကြားလာတဲ့ ဒီကလန်ရိုက်စ်

အာဆင်နယ်ကွင်းလယ်ကြယ်ပွင့် ဒီကလန်ရိုက်စ်က သူဟာ ပြီးခဲ့တဲ့ရာသီက ယူရို ၂၀၂၄ ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် စိတ်ဓာတ်ပိုင်းကျဆင်းခဲ့တာကြောင့် အသင်းအတွက်ပါ လိုအပ်တဲ့စွမ်းဆောင်ရည်မျိုး ပြသနိုင်ခဲ့ခြင်းမရှိဘူးလို့ ဝန်ခံပြောကြားလာခဲ့ပါတယ်။ အသက်-၂၅ နှစ်အရွယ်ကစားသမားဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်အတွက် အလွန်အရေးပါတဲ့ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး ဗိုလ်လုပွဲအထိအသင်းကိုအရောက်ပို့ပေးနိုင်ခဲ့ပေမယ့် စပိန်ကိုအရေးနိမ့်ခဲ့တာကြောင့် ဆုဖလားအောင်မြင်မှုနဲ့လွဲချော်ခဲ့ရပါတယ်။ အင်္ဂလန်အသင်းနဲ့ ဆုဖလားရယူဖို့ ကျရှုံးပြီးနောက်မှာ ရိုက်စ်ဟာ အာဆင်နယ်အတွက်ပြန်လည်ကစားရချိန်မှာတော့ ခြေစွမ်းပိုင်းသိသိသာသာကျဆင်းသွားခဲ့တာဖြစ်ပါတယ်။ 

ယခုအခါမှာတော့ ရိုက်စ်ဟာ အာဆင်နယ်နဲ့အတူ ရာသီကြိုခြေစမ်းပွဲစဉ်တွေကစားဖို့ အာရှသို့ရောက်ရှိနေပြီး နောက်ရာသီအတွက် ကြိုတင်ပြင်ဆင်မှုတွေကို တွန်းအားပေးလုပ်ဆောင်နေပြီဖြစ်ပါတယ်။ ယူရို ၂၀၂၄ ပြိုင်ပွဲက သူ့ရဲ့အာဆင်နယ်ကစားသမားဘဝအတွက်လည်း ထိခိုက်မှုဖြစ်စေခဲ့ကြောင်းကို အင်္ဂလန်လက်ရွေးစင်က "ဒီနှစ်မှာတော့ ကျွန်တော်မျှော်လင့်ထားတဲ့ခြေစွမ်းမျိုးပြသနိုင်ဖို့ အထူးကြိုးစားနေပါတယ်။ ပြီးခဲ့တဲ့ရာသီအစမှာတော့ ကျွန်တော်လိုချင်တဲ့ခြေစွမ်းမျိုးမပြနိုင်ခဲ့ဘဲ အတော်လေးစွမ်းဆောင်ရည်ကျဆင်းခဲ့ပါတယ်"

"ယူရိုဗိုလ်လုပွဲမှာရှုံးနိမ့်ခဲ့တာက ကျွန်တော့်အတွက် စိတ်ပိုင်းဆိုင်ရာအတော်လေးထိခိုက်မှုရှိခဲ့ပါတယ်။ ပြိုင်ပွဲအပြီး ၁၆ ရက်နားရချိန်မှာ စိတ်ဓာတ်ကျနေသလို၊ အာဆင်နယ်အတွက် ပြန်ကစားရချိန်မှာလည်း ပုံမှန်မဟုတ်ဘဲ အရမ်းခက်ခဲခဲ့ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပုံမှန်ပြန်ဖြစ်ဖို့ ကျွန်တော်လနည်းငယ်လောက် အချိန်ပေးခဲ့ရပါတယ။ ဒါပေမယ့် အခုတော့ အာဆင်နယ်နဲ့အတူ ရာသီကြိုခရီးစဉ်မှာ အပြည့်အဝပါဝင်ထားနိုင်ပြီဖြစ်ပြီး အရင်ကထက်လည်း ပိုကောင်းလာပါပြီ။ ရာသီသစ်စတင်ချိန်မှာ အသင်းကို အပြည့်အဝအကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ယခုအခါ အာဆင်နယ်ဟာ ကွင်းလယ်ပိုင်းအင်အားဖြည့်တင်းမှုအဖြစ် မာတင်ဇူဘီမန်ဒီနဲ့ ခရစ်ရှန်နော်ဂတ်တို့ကို ခေါ်ယူထားခဲ့ပြီးဖြစ်လို့ လာမယ့်ရာသီ ဒီကလန်ရိုက်စ်တစ်ယောက် တိုက်စစ်ပိုင်းကို ပိုမိုအသားပေးကစားလားနိုင်ဖို့ရှိနေပါတယ်။ လာမယ့် ဇူလိုင်လ ၂၇ ရက်နေ့မှာတော့ အာဆင်နယ်ဟာ ရာသီကြိုခြေစမ်းပွဲစဉ်အဖြစ် နယူးကာဆယ်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်အပြီးမှာတော့ လန်ဒန်ဒါဘီပွဲစဉ်အဖြစ် တော့တင်ဟမ်နဲ့ ထိပ်တိုက်တွေ့ဆုံသွားပါမယ်။