
ပရီးမီးယားလိဂ်ပွဲစဉ်သုံးခုအပြီး နည်းပြနူနိုဆန်းတို့စ်နဲ့ လမ်းခွဲလိုက်တဲ့ နော်တင်ဟမ်ဖောရက်စ်
နော်တင်ဟမ်ဖောရက်စ်က နည်းပြဖြစ်သူနူနိုဆန်းတို့စ်နဲ့ လမ်းခွဲလိုက်ပြီလို့ အတည်ပြုကြေညာခဲ့ပါတယ်။ ဒီကြေညာချက်က ပရီးမီးယားလိဂ်ရာသီသစ်ရဲ့ပွဲစဉ်သုံးခုအပြီးမှာပဲ ထွက်ပေါ်လာခဲ့တာပါ။ လန်ဒန်အခြေစိုက်ကလပ်အသင်းရဲ့ထုတ်ပြန်ချက်မှာ “ လတ်တလောဖြစ်စဉ်တွေအပြီး နူနိုဆန်းတို့စ်အနေဖြင့် ဒီနေ့မှာပဲ နည်းပြရာထူးမှ အနားယူသွားပြီလို့ နော်တင်ဟမ်ဖောရက်စ်အသင်းမှ အတည်ပြုကြေညာလိုပါတယ်။ အထူးသဖြင့် ၂၀၂၄-၂၀၂၅ ရာသီ၊ စီးတီးဂရောင်းကွင်းကြီးထဲမှာ အလွန်အောင်မြင်တဲ့ခေတ်တစ်ခု တည်ဆောက်ဖို့ ဆန်းတို့စ်ရဲ့ပံ့ပိုးကူညီပေးမှုတွေအပေါ် ကလပ်အသင်းဘက်မှ အထူးကျေးဇူးတင်ရှိပါတယ်။ ဒါတွေကို ကလပ်အသင်းသမိုင်းတလျှောက်မှာ အမြဲတမ်းအမှတ်ရသွားပါလိမ့်မယ်။
ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ကျွန်တော်တို့အသင်းအောင်မြင်မှုရဲ့အဓိကအခန်းကဏ္ဍမှာ ပါဝင်ခဲ့သူတစ်ဦးဖြစ်တဲ့ နူနိုဆန်းတို့စ်က ကျွန်တော်တို့ရဲ့ခရီးလမ်းတလျှောက် အထူးပုဂ္ဂိုလ်တစ်ဦးအဖြစ် အမြဲရှိနေပါလိမ့်မယ်”လို့ ပါရှိပါတယ်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စတိဗ်ကူးပါးထံမှ တာဝန်လွှဲပြောင်းရယူပြီးနောက် ဆန်းတို့စ်က အဲ့ဒီဘောလုံးရာသီမှာ အသင်းကို တန်းဆင်းဇုန်အန္တရာယ်လွတ်မြောက်အောင် ကူညီပေးခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ဘောလုံးရာသီမှာလည်း အမှတ်ပေးဇယားသတ္တမနေရာနဲ့အတူ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် ဥရောပပြိုင်ပွဲဝင်ခွင့်ရရှိအောင် ကူညီပေးခဲ့ပါတယ်။
နော်တင်ဟမ်ဖောရက်စ်က အခုဘောလုံးရာသီသစ်မှာ ယူအီးအက်ဖ်အေရဲ့အသင်းပိုင်ရှင်ပိုင်းဆိုင်ရာမူဝါဒအရ ယူရိုပါကွန်ဖရန့်လိဂ်ဆီဆင်းပြီးယှဉ်ပြိုင်ရမယ့် ခရစ္စတယ်ပဲလေ့စ်အစား ယူရိုပါလိဂ်ပြိုင်ပွဲဆီ ဝင်ရောက်ယှဉ်ပြိုင်ပါလိမ့်မယ်။
အခုလို ဥရောပအဆင့်ဆီ ပြန်လည်ပို့ဆောင်ပေးနိုင်မှုနဲ့အတူ ဇွန်လအတွင်း သုံးနှစ်သက်တမ်းရှိစာချုပ်သစ်တစ်ရပ်မှာ လက်မှတ်ရေးထိုးခဲ့ပေမယ့် နူနိုဆန်းတို့စ်ကတော့ အသင်းမှာ ဆက်မရှိနေတော့ပါဘူး။ နော်တင်ဟမ်ဖောရက်စ်က နိုင်ငံတကာသီတင်းပတ်အပြီး စက်တင်ဘာ ၁၃ ရက်မှာ အာဆင်နယ်နဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရပါမယ်။