The network connection is lost.

Banner Image

လာမိုင်းယာမယ်လ်ကိုကျော်ဖြတ်ပြီး ယခုနှစ်ဘောလွန်းဒီအော်ဆုကို ဒမ်ဘီလီဆွတ်ခူး

ပီအက်စ်ဂျီနဲ့ ပြင်သစ်လက်ရွေးစင်တောင်ပံကစားသမား အူစမန်ဒမ်ဘီလီဟာ ဘာစီလိုနာကြယ်ပွင့် လာမိုင်းယာမယ်လ်ကိုကျော်ဖြတ်ပြီး ၂၀၂၅ ခုနှစ် ဘောလွန်းဒီအော်ဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိသွားခဲ့ပါတယ်။ ဆုပေးပွဲကို တနင်္လာနေ့ညက ပဲရစ်မြို့မှာကျင်းပခဲ့တာဖြစ်ပြီး ဒမ်ဘီလီဟာ ပြီးခဲ့တဲ့ရာသီက ပီအက်စ်ဂျီနဲ့အတူ ချန်ပီယံလိဂ်ဆုဖလားအပါအဝင် ပြည်တွင်းဆုဖလားအားလုံးကို ဆွတ်ခူးအောင်မြင်ခဲ့တာကြောင့် ဒီဆုနဲ့ထိုက်တန်တယ်လို့ ဆိုရမှာလည်းဖြစ်ပါတယ်။ 

ပြင်သစ်လက်ရွေးစင်ဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီအတွင်း ပီအက်စ်ဂျီအတွက် ပြိုင်ပွဲစုံ ၃၅ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၄ ကြိမ်အထိပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဆုဖလားအောင်မြင်မှုမှာတော့ အသက်-၂၈ နှစ်အရွယ်ကစားသမားဟာ လီဂူးဝမ်း၊ ပြင်သစ်ဖလား၊ ပြင်သစ်စူပါဖလားနဲ့ ချန်ပီယံလိဂ်ဆုဖလားတို့ကို ရရှိခဲ့တာဖြစ်ပါတယ်။

ယခုနှစ်အတွက်ဘောလွန်းဒီအော်ဆုကို ဆွတ်ခူးမယ်လို့ရေပန်းစားနေတဲ့ကစားသမားစာရင်းထဲမှာ ဒမ်ဘီလီနဲ့ ယာမယ်လ်တို့ဟာ ဗီတင်ဟာ၊ မိုဟာမက်ဆာလက်နဲ့ ရာဖင်ဟာတို့ကိုကျော်ဖြတ်ပြီး ထိပ်ဆုံးကနေ ရပ်တည်နေခဲ့ကြတာဖြစ်ပါတယ်။ ရေပန်းစားခဲ့တဲ့ ထိပ်ဆုံးကစားသမား ၁၀ ယောက်ထဲမှာ ဟာကီမီ၊ အမ်ဘာပေ၊ ကိုးလ်ပယ်လ်မာ၊ ဒွန်နာရမ်မာနဲ့ နူနိုမန်ဒက်စ်တို့လည်း ပါဝင်ခဲ့ပါတယ်။ 

ဘောလွန်းဒီအော်ဆိုကို လက်ခံရယူပြီးနောက် ဒမ်ဘီလီက "ဒီဆုကိုလက်ခံရရှိတာ မယုံနိုင်စရာပါပဲ။ ပီအက်စ်ဂျီနဲ့အတူ အရမ်းကောင်းတဲ့ရာသီတစ်ခုကို ဖြတ်သန်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်မှာ စိတ်ဖိစီးမှုတွေရှိနေခဲ့လို့ လွယ်တော့မလွယ်ကူခဲ့ပါဘူး။ ၂၀၂၃ ခုနှစ်ကတည်းက အခုချိန်အထိ ကျွန်တော့်ကိုစောင့်ရှောက်ပေးခဲ့တဲ့ ပီအက်စ်ဂျီကို ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ 

ကျွန်တော့်ကို ကလပ်ဥက္ကဌအပါအဝင် တစ်သင်းလုံးက အစစအရာရာ ကူညီပေးခဲ့ကြပါတယ်။ အသင်းဥက္ကဌက ကျွန်တော့်အတွက် အဖေတစ်ယောက်လိုပါပဲ။ ဝန်ထမ်းတွေကလည်း အရမ်းတော်ကြပါတယ်။ လူးဝစ်အင်းနရစ်ကလည်း ကျွန်တော့်အတွက် အဖေလိုပါပဲ။ ကျွန်တော့်ကိုအမြဲတမ်း စောင့်ရှောက်ပေးခဲ့ပါတယ်။ အသင်းဖော်တွေအားလုံးကိုလည်း ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ ကျွန်တော်တို့ဒီဆုကို အသင်းလိုက်ရရှိခဲ့တာပါ" လို့ပြောကြားခဲ့ပါတယ်။

ဘောလွန်းဒီအော်ဆုကိုလွဲချော်ခဲ့တဲ့ ယာမယ်လ်အနေနဲ့လည်း လက်ဗလာနဲ့အိမ်ပြန်ခဲ့ရတာမဟုတ်ဘဲ စပိန်လက်ရွေးစင်ဟာ အသက်-၂၁ နှစ်အောက် အကောင်းဆုံးကစားသမားဆုကို ၂ နှစ်ဆက်တိုက်ဆွတ်ခူးနိုင်ခဲ့ပါတယ်။ကစားသမားက "ဒီနေရာကို ထပ်လာရတာ ဂုဏ်ယူပါတယ်။ ဘာစီလိုနာနဲ့ လက်ရွေးစင်အသင်းကို ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ ပြီးတော့ ကျွန်တော့်ရဲ့မိသားစုကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီဆုပေးပွဲမှာရှိနေတဲ့ ကူဘာစီနဲ့ ရာဖင်ဟာတို့ကိုလည်း ကျေးဇူးတင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

၂၀၂၄-၂၅ ရာသီအတွင်း ရနိုင်သမျှဆုဖလားအားလုံးကိုသိမ်းပိုက်ခဲ့တဲ့ ပီအက်စ်ဂျီဟာ တစ်နှစ်တာအကောင်းဆုံးအသင်းဖြစ် ရွေးချယ်ခံခဲ့ရသလို၊ လူးဝစ်အင်းနရစ်ကလည်း တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ဆွတ်ခူးခဲ့ပါတယ်။ ဒါ့အပြင် မန်စီးတီးသို့ပြောင်းရွှေ့သွားခဲ့တဲ့ ဒွန်နာရမ်မာကလည်း တစ်နှစ်တာအကောင်းဆုံးဂိုးသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။