The network connection is lost.

Banner Image

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သမိုင်းသစ်ရေးထိုးဖို့ ဆန္ဒရှိနေတဲ့ ပီအက်စ်ဂျီ

အုပ်စု(B)အဖွင့်ပွဲစဉ်မှာ အက်သလက်တီကိုမက်ဒရစ်ကို ၄-၀ ဂိုးဖြင့် အနိုင်ယူပြီးနောက် ပီအက်စ်ဂျီအသင်းက သူတို့ရဲ့ချန်ပီယံလိဂ်အောင်ပွဲဆီ ကလပ်ကမ္ဘာ့ဖလားအောင်မြင်မှုကိုပါ ထည့်သွင်းသွားဖို့အတွက် ဆာလောင်ပြင်းပြနေတယ်လို့ နည်းပြလူးဝစ်အင်းနရစ်က ပြောကြားခဲ့ပါတယ်။

ပီအက်စ်ဂျီက ၂၀၂၄-၂၀၂၅ ဘောလုံးရာသီမှာ လီဂူးဝမ်း၊ Coupe de France နဲ့ ချန်ပီယံလိဂ်ဆုဖလားတွေကို သိမ်းပိုက်နိုင်ခဲ့ပြီး သမိုင်းဝင်ဆုဖလားသုံးလုံးအောင်ပွဲကို ဖန်တီးနိုင်ခဲ့ပါတယ်။ ပွဲပြီးသတင်းစာရှင်းလင်းပွဲအတွင်း အင်းနရစ်က “ ကျွန်တော်တို့တွေ အခုဘောလုံးရာသီမှာ သမိုင်းသစ်ဖန်တီးဖို့ ရည်ရွယ်ချက်ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကတော့ ကဏ္ဍသစ်တစ်ခု ဖြစ်ပါတယ်။ ဒါက နိုင်ပွဲတွေ ဆက်တိုက်ဖော်ဆောင်နိုင်ဖို့ ကလပ်အသင်းနဲ့ ကစားသမားတွေအတွက် ကောင်းမွန်တဲ့စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်။

ကလပ်အသင်းရော၊ ပရိသတ်တွေရော၊ ကစားသမားတွေပါ အောင်မြင်မှုကို ဆာလောင်နေပါတယ်။ ဒါက ကောင်းမွန်တဲ့ ခံစားချက်တစ်ခုပါ။ ကျွန်တော်တို့အသင်းက ရေပန်းအစားဆုံးဖြစ်နေသလားဆိုတာ ကျွန်တော်ကိုယ်တိုင်လည်း မသိပါဘူး။ ဒါကို ကျွန်တော်ကိုယ်တိုင်လည်း စိတ်မပျက်မိပါဘူး။ ဒါပေမဲ့ နောက်ထပ်ပြိုင်ပွဲတစ်ခုဆီရောက်ရှိနေတဲ့ ကျွန်တော်တို့မှာ တူညီတဲ့ရည်မှန်းချက်တစ်ခုတော့ ရှိနေပါပြီ။ ဒါကတော့ တက်နိုင်သလောက် ခရီးဆက်ပြီး ဆုဖလားရရှိအောင် ကြိုးစားသွားဖို့ပါပဲ”လို့ ဆိုပါတယ်။

အခုပွဲစဉ်ကို ပရိသတ် ၈၀,၆၁၉ ဦး တက်ရောက်ကြည့်ရှုခဲ့ပြီး ကလပ်အသင်းနှစ်ခုလုံးရဲ့ အခုဘောလုံးရာသီအတွက် စံချိန်တင်ကွင်းတွင်းဝင်ရောက်ကြည့်ရှုသူအရေအတွက် ဖြစ်ခဲ့တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။ ပီအက်စ်ဂျီက လာမယ့်ပွဲစဉ်မှာ ဘရာဇီးကလပ် ဘိုတာဖိုဂိုနဲ့ ဆက်လက်ယှဉ်ပြိုင်ကစားရပါမယ်။