
ကြီးကျယ်ခမ်းနားနေတဲ့ ဘာစီလိုနာကစားသမားဘဝရဲ့နောက်ကွယ်ပုံရိပ်ကို ထုတ်ဖော်လာတဲ့ ပက်ဒရီ
ဘာစီလိုနာနည်းပြသစ်အဖြစ် ဟန်စီဖလစ်ခ်စတင်တာဝန်ယူတဲ့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီမှစတင်ကာ ပက်ဒရီက ကမ္ဘာ့အကောင်းဆုံးကွင်းလယ်ကစားသမားစာရင်းဝင် ဖြစ်လာခဲ့ပါတယ်။ အခုလိုတိုးတက်လာဖို့ ကစားသမားကိုယ်တိုင် သူ့ရဲ့နေ့စဉ်လူနေမှုဘဝပုံစံကို အပြောင်းအလဲပြုလုပ်ပေးခြင်းဖြင့် ကူညီပေးခဲ့ရပါတယ်။
ပက်ဒရီကိုယ်တိုင်အဓိကအာရုံစိုက်ခဲ့ရတဲ့ နယ်ပယ်တွေအနက် တစ်ခုကတော့ သူ့ရဲ့စားသောက်မှုပုံစံပဲ ဖြစ်ပါတယ်။ သတင်းမီဒီယာအင်တာဗျူးတစ်ခုမှာ ကစားသမားက ဘာစီလိုနာနဲ့ စပိန်လက်ရွေးစင်အသင်းဖော် ဖာရန်တောရက်စ်ရဲ့အကြံပေးမှုအရ အစားအသောက်ရှောင်ကျဉ်မှုလုပ်ငန်းစဉ်ကို ဆက်တိုက်ဆိုသလို လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ပက်ဒရီက “ အစားအသောက်ရှောင်ကျဉ်တဲ့လုပ်ငန်းစဉ်ကို စမ်းလုပ်ကြည့်ဖို့ ဖာရန်တောရက်စ်က တိုက်တွန်းခဲ့ပါတယ်။ အမှန်တကယ်လည်း အဲ့ဒီအချိန်မှစပြီး ကျွန်တော့်ရဲ့ခံစားချက်တွေ ပိုကောင်းလာပါတယ်။ ဒါကြောင့် လောလောဆယ်အချိန်တွေအထိ အဲ့ဒီပုံစံအတိုင်းပဲ ဆက်သွားပါလိမ့်မယ်။ ကျွန်တော်က တစ်နေ့ကို နေ့လည်စာ၊ ညစာ နှစ်နပ်စားပါတယ်။ ပွဲနေ့တွေကျမှသာ မနက်စာကို ကောင်းကောင်းစားသောက်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်တွင်းရေဓါတ်ကိုထိန်းသိမ်းဖို့ မဖြစ်မနေလိုအပ်တာကြောင့် ရေကို ပုံမှန်သောက်သုံးပါတယ်။
အမေကိုယ်တိုင်လုပ်ပေးထားတဲ့ ဝက်ပေါင်ခြောက်တွေကို မျက်နှာလွှဲခဲပစ်လုပ်ဖို့ဆိုတာ ကျွန်တော့်အတွက် ခက်ခဲလွန်းပါတယ်။ ပွဲစဉ်တစ်ခုကစားပြီးချိန်တိုင်းမှာတော့ ဝက်ပေါင်ခြောက်ကို တစ်ခါလောက် စားကြည့်ပါတယ်။ ကစားသမားဘဝအနားယူသွားချိန်ကျရင် ဒီဝက်ပေါင်ခြောက်ကို စိတ်ကြိုက်စားနိုင်ပါပြီ”လို့ ပြောပါတယ်။
အထူးသဖြင့် ပက်ဒရီက ဟန်စီဖစ်ခ်မရောက်လာခင်အချိန်အထိ တံကောက်ကြောဒဏ်ရာပြဿနာနဲ့ အချိန်များစွာ ရုန်းကန်နေခဲ့ရပါတယ်။ ဒါပေမဲ့ သူက လွန်ခဲ့တဲ့ ၁၅ လတာကာလမှာ အလုံးစုံပြောင်းလဲနိုင်ခဲ့ပြီး ကြွက်သားပိုင်းဆိုင်ရာနာကျင်ကိုက်ခဲမှု ကို ရှောင်လွှဲနိုင်ဖို့အတွက် အဓိကအစိတ်အပိုင်းတစ်ရပ်အဖြစ် ကိုယ်ခန္ဓာကြံ့ခိုင်မှုပိုင်းဆိုင်ရာလေ့ကျင့်ခန်းတွေကို အသုံးပြုခဲ့တယ်လို့ ထုတ်ပြောလာခဲ့ပါတယ်။
ပက်ဒရီက “ ဒဏ်ရာတွေကို တက်နိုင်သမျှရှောင်လွှဲနိုင်ဖို့အရေးမှာ အားနည်းနေတဲ့ ကိုယ်ကာယပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေက အဓိကသော့ချက်ဖြစ်တယ်ဆိုတာကို ကျွန်တော် တွေ့ရှိခဲ့ပါတယ်။ ကြံ့ခိုင်မှုပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတွေက ဒဏ်ရာတွေကိုရှောင်ရှားနိုင်ဖို့ ကူညီပေးပါတယ်။ အဲ့ဒီနေရာမှစတင်ပြီး အရာရာတိုင်း အလှည့်အပြောင်းဖြစ်လာကာ တိုးတက်လာခဲ့ပါတယ်။ ဒါက ကျွန်တော့်အကြိုက်ဆုံးဖြစ်တဲ့ ဘောလုံးကို စိတ်ကြိုက်ကစားနိုင်ပြီလို့ အဓိပ္ပါယ်ရပါတယ်”လို့ ဆိုပါတယ်။
ဘာစီလိုနာအသင်းကလည်း ပက်ဒရီကို အခုဘောလုံးရာသီတလျှောက်လုံး အားကိုးနေမယ်ဆိုတာ သေချာတာကြောင့် ကစားသမားရဲ့ကြံ့ခိုင်မှု ပိုင်း ဆက်လက်ကောင်းမွန်နေစေဖို့ လိုလားနေပါလိမ့်မယ်။