The network connection is lost.

Banner Image

မန်စီးတီးနဲ့စာချုပ်သက်တမ်းကုန်ဆုံးချိန် ဘောလုံးလောကမှ ၁၅ နှစ်ကြာ အနားယူနိုင်တယ်လို့ ဖွင့်ဟလာတဲ့ ပက်ဂွါဒီယိုလာ

မန်စီးတီးနည်းပြပက်ဂွါဒီယိုလာက သူ့ရဲ့လက်ရှိစာချုပ်သက်တမ်းကုန်ဆုံးချိန်ရောက်ရင် ဘောလုံးစီမံခန့်ခွဲမှုနယ်ပယ်မှ နုတ်ထွက်သွားဖို့ ဆန္ဒရှိနေတယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။ ယမန်နှစ်အတွင်း အီတီဟတ်ကွင်းမှာ ၂၀၂၇ ခုနှစ်အထိရှိနေမယ့် နှစ်နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့တဲ့ ကတ္တလန်ဒေသခံအမျိုးသားက သူထွက်ခွာချိန်မှာ မိမိကိုယ်ကိုယ်အာရုံစိုက်နိုင်ဖို့ ဘောလုံးလောကနဲ့ အချိန်အကြာကြီးအဆက်ဖြတ်သွားနိုင်တယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။

ပက်ဂွါဒီယိုလာက ၂၀၀၈ ခုနှစ်မှာ ဖရန့်ရီကတ်ထံမှ ဘာစီလိုနာစီနီယာအသင်းကို ဆက်ခံရယူရင်း နည်းပြဘဝခရီးလမ်းကို စတင်ခဲ့ပါတယ်။ သူ့ရဲ့ငယ်ဘဝကလပ်အသင်းမှာ အောင်မြင်တဲ့လေးနှစ်တာကာလကို ဖြတ်သန်းပြီးနောက် ၂၀၁၆ ခုနှစ်၊ အင်္ဂလန်မြေမှာ အခြေမစိုက်ခင် ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ခဲ့ပါတယ်။

ဘောလုံးသမိုင်းတလျှောက် အခမ်းနားဆုံးနည်းပြတွေအနက် တစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ အသက်-၅၄ နှစ်အရွယ်စပိန်သားက မတူညီတဲ့နိုင်ငံသုံးခုမှာ ပြည်တွင်းလိဂ်ချန်ပီယံဆု ၁၂ ကြိမ်တိတိရရှိအောင် စွမ်းဆောင်နိုင်ခဲ့သလို ချန်ပီယံလိဂ်ဖလားကိုလည်း သုံးကြိမ်တိုင်တိုင် အနိုင်ရရှိခဲ့ပါတယ်။ ဒါ့အပြင် သူက မတူညီတဲ့ကလပ်အသင်းနှစ်ခုနဲ့အတူ ဆုဖလားသုံးလုံးအောင်ပွဲရယူနိုင်တဲ့ ကမ္ဘာ့ပထမဆုံးနည်းပြလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ မန်စီးတီးနည်းပြဟာ ပင်ပန်းနွမ်းလျနေပြီး သူ့ကိုယ်သူအာရုံစိုက်နိုင်ဖို့ အားလပ်ချိန်အချို့ လိုချင်နေပါတယ်။

GQ သတင်းဌာနနဲ့တွေ့ဆုံချိန် ပက်ဂွါဒီယိုလာက “ ထောက်ပံ့မှုကြီးကြီးမားမားပြုလုပ်ပေးသူတွေရှိနေချိန်ဖြစ်လို့ ကျွန်တော်လည်း မပြောတတ်သေးပါဘူး။ မန်စီးတီးနဲ့စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာတော့ ကျွန်တော် အနားယူသွားနိုင်ပါတယ်။ အဲ့ဒါကတော့ ဆုံးဖြတ်ပြီးတာထက်တောင် သေချာပါသေးတယ်။ ဘယ်လောက်ကြာကြာအနားယူသွားမလဲဆိုတာတော့ ကျွန်တော်လည်း မသိသေးပါဘူး။ တစ်နှစ်လား၊ နှစ်နှစ်လား၊ သုံးနှစ်လား၊ ငါးနှစ်လား၊ ၁၀ နှစ်လား၊ ၁၅ နှစ်လားဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ မန်စီးတီးနဲ့ ဒီတစ်ကြိမ်စာချုပ်သက်တမ်းကုန်ဆုံးရင်တော့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ်အာရုံစိုက်ပေးနိုင်ဖို့ အနားယူသွားပါတယ်။ ကတ္တလန်မှာတော့ ဒါကို ‘Badar’ လို့ ပြောကြပါတယ်။ ‘Badar, badar, badar’ ပေါ့။ ကျွန်တော် ဒါကို လုပ်သွားချင်ပါတယ်။

ပြီးတော့ ကျွန်တော့်ဘဝမှာ နည်းပြတစ်ဦးဖြစ်လာပြီး ဂျာမနီနဲ့ အင်္ဂလန်မှာ အလုပ်လုပ်ရလိမ့်မယ်၊ ဘာစီလိုနာကစားသမားဘဝကို ဖြတ်သန်းပြီး ဘာစီလိုနာနည်းပြဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ပါဘူး။ ကျွန်တော်တို့တွေက ဒါတွေကို ထိန်းချုပ်နိုင်တယ်လို့ ထင်ကြပါတယ်။ မဟုတ်ပါဘူး၊ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ပြန်မေးခွန်းထုတ်ပါတယ်။ ဆက်လုပ်ချင်သေးလား (သို့မဟုတ်) မလုပ်ချင်တော့ဘူးလားပေါ့။ အိုကေ… ဆက်မလုပ်ချင်ဘူးဆိုရင် ကျွန်တော် ထွက်သွားမယ်။ အခုအချိန်ကျွန်တော့်ရဲ့အစီအစဉ်ကလည်း ဒီအလုပ်ကို ရပ်တန့်သွားဖို့လို့ ထင်ပါတယ်။ ပြီးရင်တော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ မြင်တွေ့ရပါလိမ့်မယ်”လို့ ပြောပါတယ်။

မန်စီးတီးက သြဂုတ် ၁၆ ရက်၊ ဝုဗ်နဲ့ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်မတိုင်ခင် လာမယ့်လအတွင်း မိတ်ဖက်ညီအစ်မကလပ်အသင်းဖြစ်တဲ့ ပါလာမိုနဲ့ ခြေစမ်းပွဲယှဉ်ပြိုင်ကစားသွားပါမယ်။