The network connection is lost.

Banner Image

ပီအက်စ်ဂျီကို ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် ကွင်းလယ်ဒိုင်ကို ဝေဖန်ပြစ်တင်လိုက်တဲ့ ကိုကီ

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပီအက်စ်ဂျီကို ၄-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း ကွင်းတွင်းတာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်ချက်တွေကို အက်သလက်တီကိုမက်ဒရစ်ကစားသမားကိုကီက ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အပြီး ပီအက်စ်ဂျီက ဖေဘီယန်ရုဇ်၊ ဗီတင်ဟာတို့ရဲ့သွင်းဂိုးတွေနဲ့အတူ ၂-၀ ဂိုးဖြင့် ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်မှာလည်း လန်ဂလတ်ရဲ့အနီကတ်ပြစ်ဒဏ်ပေါ်ပေါက်လာပြီးနောက် ပီအက်စ်ဂျီအတွက် မာယူလူနဲ့ လီကန်အင်းတို့က နောက်ထပ်ဂိုးတွေ သွင်းယူပေးခဲ့ပါတယ်။

ဒါပေမဲ့ ပွဲပြီးရလဒ်အပေါ် သက်ရောက်မှုရှိနိုင်တဲ့အချက်ကတော့ ပီအက်စ်ဂျီအသင်း နှစ်ဂိုးပြတ်ဦးဆောင်နေချိန် အက်သလက်တီကိုအတွက် ဗွေဆော်ဦးချေပဂိုးကို ခွင့်မပြုမှုပဲ ဖြစ်ပါတယ်။ အယ်လ်ဗာရက်ဇ်က စပိန်ကလပ်အတွက် ဗွေဆော်ဦးချေပဂိုးသွင်းယူခဲ့ပေမယ့် ဒူအီအပေါ် ကိုကီ ပြစ်ဒဏ်ကျူးလွန်တယ်ဆိုကာ VAR ရဲ့ ကြားဖြတ်ဝင်ရောက်မှုနဲ့အတူ ကွင်းလယ်ဒိုင်ကိုဗက်စ်က အယ်လ်ဗာရက်ဇ်ရဲ့ဂိုးကို ခွင့်မပြုဘဲ ပီအက်စ်ဂျီအတွက် ပြစ်ဒဏ်ဘောအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။

အက်သလက်တီကိုမက်ဒရစ်ဝါရင့်ကစားသမားကိုကီကတော့ အခုပွဲစဉ်အတွင်း ဆုံးဖြတ်ချက်အချို့ဟာ သူတို့အသင်းကို နစ်နာစေခဲ့တယ်လို့ ယုံကြည်နေပါတယ်။ သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ကိုကီက “ ကျွန်တော်တို့တွေ ပွဲစဉ်ကို အကောင်းဆုံးစတင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဥရောပချန်ပီယံဖြစ်တဲ့ ပီအက်စ်ဂျီရဲ့အဆင့်အတန်းကိုလည်း သိရှိထားပါတယ်။

ခက်ခဲမယ်ဆိုတာ သိခဲ့ပေမယ့် ၄-၀ ဂိုးဆိုတာကြီးကတော့ မမျှတလှပါဘူး။ အသင်းက တိုက်စစ်ဆင်ကစားဖို့ ကြိုးစားခဲ့ပြီး အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့က ၂-၁ ဂိုးဆိုတဲ့ရလဒ်မျိုးအထိ တွန်းတင်နိုင်ခဲ့ပေမယ့် ပြစ်ဒဏ်ဘောအဖြစ်သတ်မှတ်နိုင်ရေး ၅၀-၅၀ အနေအထားမျိုးမှာ ဒါကို ပြစ်ဒဏ်ဘောအဖြစ် သတ်မှတ်ပြီး ပယ်ဖျက်ခဲ့ပါတယ်။

ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာကို ကျွန်တော်တို့အားလုံး မြင်တွေ့ခဲ့ပြီးပါပြီ။ အသေးစိတ်အချက်အလက်လေးတွေကပဲ ဒီပွဲပြီးရလဒ်ဆီ ဦးတည်သွားခဲ့တာပါ။ ပီအက်စ်ဂျီက ပိုကောင်းတဲ့ခြေစွမ်းမျိုးနဲ့ သူတို့ရဲ့အဆင့်အတန်းကိုပြသရင်း ထိုက်ထိုက်တန်တန် အနိုင်ရရှိခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းကို ဂုဏ်ပြုပါတယ်။ဒုတိယပိုင်းပွဲချိန်အတွင်းမှာ ကျွန်တော်တို့ကို ဘောလုံးပိုင်ဆိုင်မှုရယူဖို့ကြိုးစားရင်း တိုက်စစ်ဆင်ကစားကာ မတူကွဲပြားတဲ့အသင်းလိုပုံစံမျိုးနဲ့ မြင်တွေ့ခဲ့ရပါတယ်။ ဒုတိယပိုင်းပွဲချိန်လိုမျိုးပဲ ကျွန်တော်တို့တွေ ပြင်းပြင်းထန်ထန်ကြိုးစားကစားရပါမယ်။ အနီကတ်ပြစ်ဒဏ်ကတော့ ကျွန်တော်တို့ကို သတ်လိုက်သလိုပါပဲ”လို့ ပြောပါတယ်။