
အက်သလက်တီကိုမက်ဒရစ်ကို ၄ ဂိုးပြတ်သွင်းပြီး ကလပ်ကမ္ဘာ့ဖလားကို စဖွင့်လိုက်တဲ့ ပီအက်စ်ဂျီ
တနင်္လာနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလား အုပ်စုအဆင့်ပွဲစဉ်မှာ ချန်ပီယံလိဂ်ဆုဖလားကို ပူပူနွေးနွေးဆွတ်ခူးထားတဲ့ ပီအက်စ်ဂျီဟာ ပွဲဦးထွက်မှာပဲ အက်သလက်တီကိုမက်ဒရစ်ကို ၄ ဂိုးပြတ်သွင်းပြီး ပြိုင်ပွဲကို အနိုင်ရလဒ်နဲ့စတင်ခဲ့ပါတယ်။
ပီအက်စ်ဂျီအနေနဲ့ ဥရောပချန်ပီယံခြေစွမ်းကို ဒီပွဲမှာလည်း ဆက်လက်ပြသနိုင်ခဲ့ပြီး ပထမပိုင်းမှာတင် ဖာဘီယန်ရုဇ်၊ ဗစ်တင်ဟာတို့ရဲ့သွင်းဂိုးတွေနဲ့ အက်သလက်တီကိုကို ၂ ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ ၂ ဂိုးအထိခွင့်ပြုခဲ့ရတာကြောင့် အက်သလက်တီကိုအနေနဲ့ ဒုတိယပိုင်းမှာ ပြန်လာနိုင်ဖို့ကြိုးပမ်းခဲ့ပေမယ့် အခွင့်အရေးတွေလွဲချော်မှုနဲ့အတူ လန်ဂလတ်ပါ အနီကတ်ပြသခံခဲ့ရလို့ ၂ ဂိုးအထိ ထပ်မံခွင့်ပြုခဲ့ရပါတယ်။
ပီအက်စ်ဂျီအတွက် တတိယမြောက်ဦးဆောင်ဂိုးကို ပွဲကစားချိန် ၈၇ မိနစ်မှာ မာယူလူက သွင်းယူပေးခဲ့ပြီး ပွဲသိမ်းအနိုင်ဂိုးကိုတော့ ပင်နယ်တီမှတစ်ဆင့် လီကန်အင်းက သွင်းယူခဲ့တာဖြစ်ပါတယ်။ အက်သလက်တီကိုဟာ ဒီပွဲမှာ ဂိုးပေါက်ကန်သွင်းမှု ၅ ကြိမ်သာပြုလုပ်နိုင်ခဲ့သလို၊ ဂိုးပေါက်ကလည်း တစ်ကြိမ်သာတည့်မတ်ခဲ့တာကြောင့် ရှုံးပွဲနဲ့ထိုက်တန်တယ်လို့ဆိုရမှာဖြစ်ပါတယ်။ အက်သလက်တီကိုတိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဂျူလီယန်အယ်လ်ဗာရက်ဇ်၊ အန်တိုနီဂရစ်ဇ်မန်း၊ လူစားလဲဝင်ရောက်လာတဲ့ အလက်ဇန်းဒါးဆော်လို့သ်တို့ဟာ ပီအက်စ်ဂျီရဲ့နောက်တန်းကိုထိုးဖောက်နိုင်ခဲ့ခြင်းမရှိသလို၊ သေချာပေါက်ဂိုးရနိုင်တဲ့အခွင့်အရေးတစ်ကြိမ်ကိုလည်း ဆော်လို့သ်က ဖြုန်းတီးခဲ့ပါသေးတယ်။
ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်းနှုန်းကျော်အထိရရှိခဲ့တဲ့ ပီအက်စ်ဂျီကတော့ ဒီပွဲမှာ ဂိုးပေါက်ကန်သွင်းမှု ၁၆ ကြိမ်အထိပြုလုပ်ခဲ့ပြီး ၁၁ ကြိမ်အထိဂိုးပေါက်တည့်မတ်ခဲ့လို့ နိုင်ပွဲကို ထိုက်ထိုက်တန်တန်ရရှိခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။