
ဒဏ်ရာပြဿနာကြောင့် တပည့်ဟောင်းဖြစ်သူကို ပြန်လည်ခေါ်ယူမယ့် အာမိုရင်
ယူနိုက်တက်အသင်အနေနဲ့ ဒဏ်ရာပြဿနာကြောင့် ဗီလာထံမှာအငှားချထားတဲ့ ရက်ရှ်ဖို့ဒ်ကို စောစီးစွာပြန်ခေါ်ဖို့ ဗီလာနဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ၂၀၂၄ - ၂၅ ရာသီမှာ ပြဿနာတွေနဲ့ရင်ဆိုင်ခဲ့ရပြီး အခုလည်း ပြီးခဲ့တဲ့အပတ်တုန်းက လေ့ကျင့်ခန်းဆင်းရင်း တံကောက်ကြောဒဏ်ရာရခဲ့တာကြောင့် လက်ကျန်ရာသီကို လွဲချော်တော့မှာဖြစ်ပါတယ်။
တကယ်လို့ ရက်ရှ်ဖို့ဒ်အနေနဲ့ စောစီးစွာပြန်လာနိုင်ခဲ့ရင်တောင် ဗီလာရဲ့နောက်ဆုံးပွဲကို ပါဝင်နိုင်ဖွယ်မရှိတာဖြစ်ပါတယ်။ ဗီလာဟာ နောက်ဆုံးပွဲစဉ်အဖြစ် မေလ ၁၈ ရက်နေ့မှာ တော့တင်ဟမ်နဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အဆိုပါပွဲကိုပါ အင်္ဂလန်သားက လွဲချော်နိုင်ချေရှိနေတာဖြစ်ပါတယ်။ သတင်းတွေအရ ယူနိုက်တက် နဲ့ ဗီလာတို့ကြား ရက်ရှ်ဖို့ဒ်ကို ပြန်လည်ခေါ်ယူဖို့ ဆွေးနွေးနေတာဖြစ်ပြီး ရာသီမကုန်ခင် မိခင်ကလပ်ထံ ပြန်လာဖွယ်ရှိနေတာဖြစ်ပါတယ်။
တကယ်လို့ ၂ ဖက်အသင်းကြားမှာ ဆွေးနွေးမှုအဆင်ပြေခဲ့မယ်ဆိုရင် အင်္ဂလန်သားအနေနဲ့ ယူနိုက်တက်ထံ စောစီးစွာပြန်ရဖွယ်ရှိနေပါတယ်။ အခုအခြေအနေအပြင် ရက်ရှ်ဖို့ဒ်ဟာ လာမယ့်ရာသီသစ်မှာလည်း အာမိုရင်ရဲ့အစီအစဉ်ထဲမှာ ပါဝင်မှာမဟုတ်ဘူးလို့ သတင်းတွေကျယ်ပြန့်စွာထွက်ပေါ်နေပါတယ်။ ယူနိုက်တက်ဘက်က အင်္ဂလန်သားကိုရောင်းထုတ်ဖို့ စဉ်းစားနေပြီး လာမယ့်ဇွန်လအလယ်မတိုင်ခင်မှာ ကစားသမားဘက်က ယူနိုက်တက်တာဝန်ရှိသူတွေနဲ့ အနာဂတ်အကြောင်း ဆွေးနွေးဖွယ်ရှိနေပါတယ်။
ဗီလာဘက်က ပေါင်သန်း ၄၀ နဲ့ အပြီးသတ်ခေါ်ယူနိုင်ချေရှိနေပေမယ့် အပြီးသတ်ဆုံးဖြတ်ချက်တော့ မချရသေးတာဖြစ်ပါတယ်။ ကစားသမားဘက်က ဗီလာမှာဆက်နေချင်နေပြီး ချန်ပီယံလိဂ်ကန်ချင်နေပေမယ့် အပြီးသတ်ခေါ်ယူမလားဆိုတာ မသေချာသေးတာဖြစ်ပါတယ်။ ဗီလာအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့ရင်တော့ ရက်ရှ်ဖို့ဒ်ကိုခေါ်ယူနိုင်ချေရှိနေပေမယ့် အခြားတစ်ဖက်မှာ ဘာစီလိုနာကလည်း ချိတ်ဆက်နေပါတယ်။