
ဆော်ဒီမှာ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ပြန်လည်ပေါင်းစည်းဖွယ်ရှိနေတဲ့ လူကပ်စ်ဗက်စ်ကွက်ဇ်
လူကပ်စ် ဗက်စ်ကွက်ဇ်က သူ့ရဲ့ အနာဂတ်အတွက် ဆုံးဖြတ်ချက် မချရသေးပေမဲ့ ဆော်ဒီလိဂ်မှာ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ပြန်လည်ပေါင်းစည်းဖို့ တံခါးဖွင့်ထားပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းအတွက် နောက်ဆုံး ကစားခဲ့တဲ့ပွဲစဉ်နောက်ပိုင်း စာချုပ်ကုန်ဆုံးသွားတဲ့အတွက် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခွင့်ရခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာ စပိန်နဲ့ နိုင်ငံခြားက အသင်းများစွာနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ ဗက်စ်ကွက်ဇ်ကတော့ အသင်းသစ် မရသေးပါဘူး။ သူ့ရဲ့ အနာဂတ်အကြောင်း ပြောဆိုခဲ့တဲ့အခါမှာတော့ ဆော်ဒီလိဂ်ကို ပြောင်းရွှေ့နိုင်တယ်လို့ အရိပ်အမြွက် ပြောခဲ့ပါတယ်။ ဒါကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဖော်ဟောင်း ရော်နယ်ဒိုနဲ့ ပြန်လည်ပေါင်းစည်းဖို့လည်း ဖြစ်လာနိုင်ပါတယ်။
ဗက်စ်ကွက်ဇ်က ၂၀၁၅-၂၀၁၆ ဘောလုံးရာသီမှာ အက်စ်ပန်ညိုအသင်းဆီ တစ်နှစ် အငှားသွားရောက်ခဲ့ကာ ခြေစွမ်းပြသခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပထမအသင်းကို ရောက်ရှိခဲ့ပါတယ်။ ရီးရဲလ်အသင်းကို ပြန်လာပြီးနောက်မှာ ဇီဒန်းရဲ့လက်အောက်မှာ ချန်ပီယံလိဂ်ဖလား ၃ ကြိမ် ဆက်တိုက်ရယူနိုင်ခဲ့တဲ့ သမိုင်းဝင် အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ သူဟာ ၂၀၁၈ ခုနှစ်တွင် ဂျူဗင်တပ်စ်သို့ ပြောင်းရွှေ့ခဲ့တဲ့ ရော်နယ်ဒိုနဲ့ အသင်းဖော်အဖြစ် ၃ နှစ်ကြာ အတူကစားခဲ့ပါတယ်။ အခုတော့ ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းမှာ ကစားနေတာကြောင့် ဆော်ဒီအာရေဗျမှာ သူတို့နှစ်ဦး ပြန်လည်ပေါင်းစည်းနိုင်ပါတယ်။ အာရဗီ ဘာသာစကား မီဒီယာ EremNews ကို ပြောကြားခဲ့ရာမှာ ဗက်စ်ကွက်ဇ်က “ကျွန်တော့်ရဲ့ လာမယ့်နေရာကို မဆုံးဖြတ်ရသေးပါဘူး” လို့ ဆိုပါတယ်။
အရှေ့အလယ်ပိုင်းကို ပြောင်းရွှေ့ဖို့ စဉ်းစားမလားလို့ မေးတဲ့အခါမှာတော့ အသက် ၃၄ နှစ်အရွယ် ဗက်စ်ကွက်ဇ်က “မသိသေးပါဘူး။ ဘာမဆို ဖြစ်နိုင်ပါတယ်” လို့ ဖြေခဲ့ပါတယ်။
ဒီညာနောက်ခံလူကို ဖီနာဘာချီအသင်းက စိတ်ဝင်စားနေပေမဲ့ တူရကီကို ပြောင်းရွှေ့ဖို့ စိတ်မဝင်စားဘူးလို့ ထင်ရပါတယ်။ အက်စ်ပန်ညိုအသင်းကလည်း သူ့ကို ပြန်ခေါ်ယူဖို့ စိတ်ဝင်စားနေပေမဲ့ အသင်းကို လေးစားတဲ့အနေနဲ့ စပိန်မှာ ဆက်ကစားချင်ပုံ မရပါဘူး။ ထို့အပြင် ကာတာ၊ ပရီးမီးယားလိဂ်နဲ့ အီတလီကနေ ကမ်းလှမ်းမှုတွေ ရရှိထားပြီး ဂျူဗင်တပ်စ်ကလည်း ဗက်စ်ကွက်ဇ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ အပြောင်းအရွှေ့ဈေးကွက် ပိတ်ဖို့ ၂ ပတ်အလိုမှာတော့ ဗက်စ်ကွက်ဇ်ဟာ အသင်းသစ်ကို မကြာခင်မှာ အတည်ပြုသွားနိုင်ပါတယ်။