The network connection is lost.

Banner Image

ဖီးလစ်ဇ်ကို အယ်လ်နာဆာသို့ပြောင်းရွှေ့ဖို့ ဆွဲဆောင်ခဲ့တဲ့ ရော်နယ်ဒို

အယ်လ်နာဆာစူပါစတားတိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုဟာ လက်ရွေးစင်အသင်းဖော် ဂျာအိုဖီးလစ်ဇ်ကို ဆော်ဒီမြေသို့ပြောင်းရွှေ့ဖို့ တိုက်တွန်းခဲ့တယ်လို့သိရပြီး ယခုအခါမှာတော့ ဖီးလစ်ဇ်ဟာ အယ်လ်နာဆာနဲ့လက်တွဲသွားတော့မှာဖြစ်ပါတယ်။ အသက်-၂၅ နှစ်အရွယ် ဖီးလစ်ဇ်ဟာ အယ်လ်နာဆာသို့ ကနဦးပြောင်းရွှေ့ကြေး ပေါင် ၂၆ သန်းနဲ့ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိထားတယ်လို့သိရပါတယ်။ သတင်းတွေအရ ရော်နယ်ဒိုဟာ ဖီးလစ်ဇ်ရဲ့အပြောင်းအရွှေ့မှာ အဓိကကျတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ပြီး ကစားသမားကို အယ်လ်နာဆာသို့ပြောင်းရွှေ့ဖို့ နားချနိုင်ခဲ့တယ်လို့သိရပါတယ်။ 

ရော်နယ်ဒိုဟာ ဖီးလစ်ဇ်ကို လာမယ့်ရာသီ အယ်လ်နာဆာမှာ ပွဲ ၄၀-၅၀ လောက်အတူတူကစားရမှာဖြစ်လို့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ နားလည်မှုကောင်းကောင်းတည်ဆောက်နိုင်မယ်လို့ ပြောဆိုစည်းရုံးခဲ့တယ်လို့ သတင်းတွေကဆိုပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုနဲ့ ဖီးလစ်ဇ်တို့အကြား ချိတ်ဆက်မှုတွေ တိုးတက်လာခဲ့ရင်တော့ ကစားသမား ၂ ဦးစလုံးဟာ ပေါ်တူဂီလက်ရွေးစင်နည်းပြ ရော်ဘတ်တိုမာတီနက်ဇ်ရဲ့ ရွေးချယ်မှု ကို ရရှိသွားနိုင်တာဖြစ်ပါတယ်။ 

၂၀၂၄ ခုနှစ်မှာ အက်သလက်တီကိုမှ ချဲလ်ဆီးသို့ ပေါင် ၄၅ သန်းနဲ့အပြီးသတ်ပြောင်းရွှေ့လာခဲ့တဲ့ ဖီးလစ်ဇ်ဟာ စတန်းဖို့ဒ်ဘရစ်ချ်မှာ ပုံမှန်နေရာရဖို့ရုန်းကန်ခဲ့ရတာကြောင့် ပြီးခဲ့တဲ့ရာသီက အေစီမီလန်သို့ အငှားစာချုပ်နဲ့သွားရောက်ကစားခဲ့ရပါတယ်။ ဒါကြောင့် ပေါ်တူဂီသားအနေနဲ့ ယခုနွေရာသီမှာတော့ အယ်လ်နာဆာသို့ပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့ပြီး ရော်နယ်ဒိုနဲ့ တွဲဖက်ကစားဖို့ စိတ်အားထက်သန်နေတာဖြစ်ပါတယ်။ 

ဘာစီလိုနာမှာလည်း အငှားစာချုပ်နဲ့သွားရောက်ကစားခဲ့ဖူးတဲ့ ဖီးလစ်ဇ်ဟာ အယ်လ်နာဆာနဲ့ ၂ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကိုချုပ်ဆိုသွားမှာဖြစ်ပြီး တစ်နှစ်လုပ်ခ ပေါင် ၁၀ သန်းအထိရရှိသွားမှာဖြစ်ပါတယ်။ ဒါကြောင့် လာမယ့်ရက်အနည်းငယ်မှာပဲ ပေါ်တူဂီလက်ရွေးစင်ဟာ အယ်လ်နာဆာရဲ့ ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်တွေမှာ ပါဝင်လာနိုင်ဖို့ရှိနေပါတယ်။