The network connection is lost.

Banner Image

ဖာနန်ဒက်စ်ကို ကွင်းလယ်မှာ ဘာကြောင့်ဆက်သုံးနေတာလဲ အာမိုရင်ရှင်းပြ

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က ပုံမှန်ခြေစွမ်းအောက်ရောက်ရှိနေတဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကို အသင်းရဲ့ကွင်းလယ်မှာ ဘာကြောင့်ဆက်သုံးနေသလဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။ 

ယမန်နေ့ညက အီတီဟတ်မှာယှဉ်ပြိုင်ခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ ယူနိုက်တက်ဟာ မန်စီးတီးကို ၃-၀ ဆိုတဲ့ရလဒ်နဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့သလို၊ ခြေစွမ်းပိုင်းမှာလည်း အတော်လေးညံ့ဖျင်းခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ယခုရှုံးပွဲကြောင့် ယူနိုက်တက်ဟာ ၁၉၉၂-၉၃ ခုနှစ်ဘောလုံးရာသီနောက်ပိုင်း အဆိုးဝါးဆုံးသော ရာသီစတင်မှုနဲ့လည်း ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

ယခုနွေရာသီမှာ ယူနိုက်တက်ဟာ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ မားသီးယက်စ်ကွန်ညာနဲ့ ဘရိုင်ယန်အမ်ဘွေမိုတို့ကိုခေါ်ယူထားတာကြောင့် ဖာနန်ဒက်စ်အနေနဲ့ အသင်းရဲ့ကွင်းလယ်ပိုင်းကိုသာ အဓိကတာဝန်ယူထိန်းကျောင်းနေတာဖြစ်ပါတယ်။ ဘန်လေနဲ့ပွဲမှာ ကွန်ညာဒဏ်ရာရထားတာကြောင့် ယခုမန်စီးတီးနဲ့ပွဲစဉ်မှာတော့ ယူနိုက်တက်ရဲ့တိုက်စစ်ဟာ ဘင်ဂျမင်ဆက်စ်ကို၊ အမ်ဘွေမိုတို့နဲ့ ပွဲထွက်လာခဲ့ပြီး ကွင်းလယ်မှာတော့ ဖာနန်ဒက်စ်နဲ့ မန်နူရယ်ယူဂါတီတို့ကို တွဲဖက်ထားခဲ့ပါတယ်။ 

သို့သော်လည်း ယူနိုက်တက်ရဲ့ကွင်းလယ်က မန်စီးတီးကိုယှဉ်ပြိုင်နိုင်ခဲ့ခြင်းမရှိဘဲ ဖာနန်ဒက်စ်အနေနဲ့လည်း စွမ်းဆောင်ရည်ကောင်းပြသဖို့ရုန်းကန်ခဲ့ရပါတယ်။ ပွဲအပြီးမှာတော့ ကိုဘီမိုင်နူးကိုချန်လှပ်ပြီး ဖာနန်ဒက်စ်ကိုပဲဘာကြောင့်ပွဲထုတ်နေတာလဲဆိုတဲ့မေးခွန်းကို အာမိုရင်က "ကျွန်တော် ဘောလုံးအကြောင်း ကောင်းကောင်းသိပါတယ်။ ရလဒ်တွေက ကျွန်တော်တို့ရဲ့အခြေအနေကို ဆုံးဖြတ်ပေးပါလိမ့်မယ်။ အာဆင်နယ်နဲ့ပွဲမှာ ကျွန်တော်တို့ ဘယ်ကစားသမားတွေကိုအသုံးပြုခဲ့သလဲ၊ အိုဒီဂတ်၊ ရိုက်စ်နဲ့ ဇူဘီမန်ဒီတို့က ကျွန်တော်တို့ ကွင်းလယ်လူ ၂ ယောက်ဖြစ်တဲ့ ကတ်စ်မဲရိုးနဲ့ ဘရူနိုတို့လောက် မကောင်းခဲ့ပါဘူး"

"တစ်ခါတလေမှာ အသင်းက ရုန်းကန်ရတတ်ပေမယ့် တစ်ခါတလေမှာ ဂိုးရဖို့အခွင့်အရေးတွေဖန်တီးနိုင်ပါတယ်။ ဒါကိုနားလည်ဖို့ လူတွေအတွက်အရမ်းခက်ခဲမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ပရိသတ်တွေကတော့ ကျွန်တော်ဒါတွေပြောနေတာကို ကြားချင်မှာမဟုတ်ပါဘူး။ သူတို့က ဘာမှနားထောင်ပေးမှာမဟုတ်ဘဲ စိတ်ပဲပျက်နေကြမှာပါ။ ဒီလိုဆိုရင်တော့ ကျွန်တော်လည်းဘာမှမတတ်နိုင်ပါဘူး။ ကျွန်တော်က အကျိုးအကြောင်းဆီလျော်မယ့် အခြေအနေကိုဖန်တီးနေတာဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်မလိမ်တတ်ပါဘူး။ လူတွေစိတ်ပျက်နေကြတာ ကျွန်တော်နားလည်ပါတယ်။ ဒါပေမယ့် ကွင်းလယ်လူ ၂ ယောက်ပဲသုံးနေတဲ့အကြောင်းပြောတာတွေကိုတော့ ကျွန်တော်နားမလည်ပါဘူး။ ဘယ်လိုပွဲပဲဖြစ်ဖြစ် ဒီပုံစံအတိုင်းပဲကစားသွားမှာပါ"

"ကျွန်တော်က မတူတဲ့အရာကိုပြုလုပ်ဖို့ကြိုးစားနေပါတယ်။ ပွဲရဲ့အခြေအနေကို ဖတ်ဖို့လည်းကြိုးစားပါတယ်။ တကယ်လို့ အသင်းကမနိုင်ရင်တော့ ကျွန်တော့်ရဲ့နည်းဗျူဟာ အလုပ်မဖြစ်ပါဘူး။ ပရိသတ်ရဲ့ဝေဖန်မှုကို ခံရုံပဲရှိပါတယ်" လို့ပြောကြားခဲ့ပါတယ်။