The network connection is lost.

Banner Image

ယူနိုက်တက်မှာ ၁ နှစ်တောင်ခံပါ့မလားလို့ ကိုယ်ကိုယ်ကိုယ်သံသယဝင်ခဲ့ကြောင်း အာမိုရင် ဝန်ခံ

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က သူ့အနေနဲ့ အိုးလ်ထရက်ဖို့ဒ်သို့စတင်ရောက်ရှိချိန်မှာ ရလဒ်ဆိုးတွေနဲ့ တောက်လျှောက်ကြုံတွေ့ပြီး ဖိအားတွေဝင်ခဲ့တာကြောင့် အသင်းမှာ  ၁ နှစ်တောင်ခံပါ့မလားလို့ ကိုယ့်ကိုယ်ကိုယ်သံသယဝင်ခဲ့မိကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။ 

လာမယ့်စနေနေ့နော်တင်ဟမ်ဖောရက်စ်နဲ့ယှဉ်ပြိုင်သွားရမယ့်ပွဲစဉ်ဟာ အာမိုရင်အတွက် ယူနိုက်တက်နည်းပြဘဝ တစ်နှစ်ပြည့်မြောက်မယ့်နေ့ဖြစ်ပြီး ပေါ်တူဂီသားဟာ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလက ထုတ်ပယ်ခံလိုက်ရတဲ့နည်းပြဟောင်း အဲရစ်တန်ဟက်ရဲ့ရာထူးကို ဆက်ခံထားခဲ့သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အ‌ဆင့် ၁၅ နေရာမှာသာရပ်တည်ခဲ့တာကြောင့် အာမိုရင်‌အပေါ်ဖိအားတွေတိုးခဲ့ပေမယ့် ဒီရာသီမှာတော့ ပရီးမီးယားလိဂ် ၃ ပွဲဆက်အနိုင်ရခဲ့တာကြောင့် ပရိသတ်တွေအတွက် မျှော်လင့်ချက်‌တွေမြင့်တက်လာစေခဲ့ပါတယ်။

ယခုအခါ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်မတိုင်မီ ယူနိုက်တက်နည်းပြရာထူးမှာ တစ်နှစ်ပြည့်တဲ့အထိ နေနိုင်ပါ့မလားလို့ သံသယဝင်ခဲ့ဖူးသလားမေးမြန်းခဲ့ရာ အာမိုရင်က "အတိအကျကြီးပြောဖို့တော့ခက်ပေမယ့် တစ်ချို့အချိန်တွေမှာတော့ အဲ့လိုတွေးခဲ့မိဖူးပါတယ်။ အသင်းမှာ ကိုင်တွယ်ရခက်တဲ့အခြေအနေတွေနဲ့ ကြုံခဲ့ရပါတယ်"

"ပွဲတွေ အများကြီး ရှုံးနိမ့်ခဲ့ရတာက ကျွန်တော့်အတွက် အရမ်းခက်ခဲခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ဒါက မန်ချက်စတာယူနိုက်တက် ဖြစ်နေလို့ပါ။ ယူရိုပါလိဂ်ဖလားနဲ့လွဲချော်ပြီး အဆင့် ၁၅ မှာရပ်တည်ခဲ့တာက ကျွန်တော့်အတွက် အတော်လေးနာကျင်စေခဲ့ပါတယ်"

"ကျွန်တော်တို့ဟာ ဒီအချိန်မှာ ပိုကောင်းတဲ့အသင်းတစ်သင်း ဖြစ်လာပြီလို့ ပြောနိုင်ပါတယ်။ ပြီးတော့ ဒီလိုခံစားချက်က အသေးစိတ်အချက်အလက်တွေကို ဂရုစိုက်မိ‌စေပြီး ကျွန်တော်တို့ရဲ့မှန်ကန်တဲ့လမ်းကြောင်းကိုလည်း ဆက်ထိန်းထားနိုင်စေပါတယ်" လို့ပြောကြားခဲ့ပါတယ်။