
အခြားစာမျက်နှာတစ်ခု ဖွင့်လှစ်ပေးနိုင်ခဲ့တဲ့ နည်းဗျူဟာပိုင်းအလှည့်အပြောင်းတစ်ခုအကြောင်း ဂရာဗန်ဘတ်ချ် ရှင်းပြ
စနေနေ့ညနေပိုင်း၊ လီဗာပူးက အဲဗာတန်ကို ၂-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်အပြီး တစ်ဂိုးသွင်းယူကာ တစ်ဂိုးဖန်တီးပေးခဲ့တဲ့ ပုံစံကောင်းရနေသူ ကွင်းလယ်ကစားသမားဂရာဗန်ဘတ်ချ်က အခုအချိန်မှာ သူ ဘာကြောင့် လွတ်လွတ်လပ်လပ်ကစားခွင့် ရရှိလာသလဲဆိုတာကို ရှင်းပြသွားခဲ့ပါတယ်။
အန်ဖီးလ်ကွင်းမာဆေးဆိုဒ်ဒါဘီမှာ ဂရာဗန်ဘတ်ချ်က လီဗာပူးအတွက် မတူကွဲပြားမှုတွေ ယူဆောင်ပေးလာခဲ့ပြီး အီကီတီကီရဲ့သွင်းဂိုးအတွက် ဖန်တီးမှုမပြုလုပ်ခင် အံ့မခန်းပုံစံဖြင့် ဦးဆောင်ဂိုးကို သွင်းယူခဲ့ပါတယ်။
ဒါက ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ပါဝင်ကစားခွင့်ရရှိတဲ့ ၄၉ ပွဲမှာ သွင်းဂိုးမရရှိခဲ့တဲ့ ဂရာဗန်ဘတ်ချ်အတွက် နယူးကာဆယ်နဲ့ပွဲစဉ်အဝေးကန်ချက်သွင်းဂိုးအပြီး နောက်ထပ်အံ့အားသင့်လောက်စရာ ထူးခြားတဲ့စတင်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။
ပွဲစဉ်အပြီး TNT Sports နဲ့တွေ့ဆုံချိန်၊ ဒတ်ချ်ကစားသမားက သူ့အတွက် ငါးပွဲကစား၊ နှစ်ဂိုးသွင်း၊ ဂိုးဖန်တီးမှုနှစ်ကြိမ် ရရှိစေတဲ့ နည်းဗျူဟာပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲမြှင့်တင်ထားမှုကို ပြောပြခဲ့ပါတယ်။
ဂရာဗန်ဘတ်ချ်က “ နည်းပြကိုယ်တိုင်လည်း ကျွန်တော့်ကို ယုံကြည်ပေးပါတယ်။ အခုဘောလုံးရာသီစတင်ချိန် ကွင်းလယ်ပိုင်းမှာ ကျွန်တော်တို့ ပိုပြီးလွတ်လွတ်လပ်လပ် ကစားလာနိုင်ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကတော့ ကျွန်တော်က No. 6 Role မှာသာ ရှိနေခဲ့ပြီး ခံစစ်ကို နက်နက်ရှိုင်းရှိုင်း ကူညီပေးရပါတယ်။ အခုတော့ ကျွန်တော်က တိုက်စစ်ကို ပိုပြီးလိုက်ပါနိုင်ပါပြီ။ ဒါကိုလည်း ခင်ဗျားတို့တွေ ဒီနေ့မှာ မြင်တွေ့ခဲ့ကြပါတယ်။
ဒီနေရာမှာ ကျွန်တော့်ရဲ့ခွန်အားတွေ ကျန်ရှိနေသေးတယ်လို့ ယူဆရပြီး ဒီအတွက် ပျော်ရွှင်ကျေနပ်မိပါတယ်။ ဂိုးလည်းသွင်းယူနိုင်လို့ ပျော်ရွှင်မိပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီမှာဆိုရင် ကျွန်တော် ဂိုးသွင်းယူနိုင်မယ်လို့တောင် မတွေးထားခဲ့ပါဘူး။ အမှန်ပါပဲ၊ အခုဘောလုံးရာသီမှာ ကျွန်တော်က သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေ ပိုပြီးလိုချင်ပါတယ်။ ဒါကြောင့် ဒီနေ့အတွက်ဆိုရင်လည်း အလွန်ပျော်ရွှင်မိပါတယ်”လို့ ပြောပါတယ်။
ပွဲပြီးသတင်းစာရှင်းလင်းပွဲအတွင်း ဂရာဗန်ဘတ်ချ်ရဲ့ဖွင့်ဟချက်အပေါ် တုံ့ပြန်ပေးဖို့ တောင်းဆိုလာမှုကို အန်းစလော့က ပြိုင်ဘက်တွေ ကြိုတင်မှန်းဆမှုမပြုနိုင်ရန် သူ့ရဲ့ချဉ်းကပ်မှုပုံစံကိုပြောင်းလဲသွားဖို့ မဖြစ်မနေလိုအပ်ခဲ့တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ အထူးသဖြင့် ဂရာဗန်ဘတ်ချ်နဲ့ပတ်သက်လို့ လီဗာပူးနည်းပြက အခြေအနေအပေါ်မူတည်ကာ လွတ်လွတ်လပ်လပ်ကစားခွင့်ရှိတယ်လို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။
သတင်းထောက်တွေနဲ့တွေ့ဆုံချိန် အန်းစလော့က “ အသင်းတစ်ခုရဲ့ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်တစ်ခုပါပဲ။ မတူကွဲပြားတဲ့အရာတွေ ပြုလုပ်ဖို့ ကြိုးစားသလို အမှန်တကယ်ကောင်းမွန်တဲ့အရာတွေကို ထိန်းသိမ်းသွားဖို့လည်း ကြိုးစားပါတယ်။ ဒါပေမဲ့ ပြိုင်ဘက်တွေကလည်း ကျွန်တော်တို့နဲ့ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားကြပါတယ်။ ဒါကြောင့် အမြဲတမ်းတိုးတက်ပြောင်းလဲနေဖို့ လိုအပ်ပါတယ်။
ဒါ့အပြင် ကျွန်တော်တို့မှာ ပြီးခဲ့တဲ့ဘောလုံးရာသီနဲ့မတူညီတဲ့ ကစားသမားစုဖွဲ့မှုတစ်ခု ရှိနေပါပြီ။ ပြီးခဲ့တဲ့ရာသီ၊ ရှိခဲ့ဖူးတဲ့ ကစားသမားတွေနဲ့နှိုင်းယှဉ်ကာ အခုရရှိထားတဲ့ကစားသမားတွေရဲ့အရည်အသွေးကို အနည်းငယ်ချိန်ညှိသွားဖို့ တခါတရံ လိုအပ်ပါတယ်။
ဒါကြောင့် ဂရာဗန်ဘတ်ချ်မှာ လွတ်လွတ်လပ်လပ်ကစားခွင့်ရှိတယ်လို့တော့ မပြောချင်ပါဘူး။ ဒါပေမဲ့ သူကိုယ်တိုင် တိုက်စစ်ကိုလိုက်ပါကူညီပေးနိုင်မယ့် အခိုက်အတန့်တွေတော့ ရှိပါတယ်။
ဒါပေမဲ့ ဒီလိုကိစ္စတွေက ပြိုင်ဘက်ရဲ့ဖိအားပေးမှုနဲ့လည်း အများကြီးသက်ဆိုင်ပါတယ်။ သူ့အတွက်တော့ အနည်းငယ်လေးပိုပြီး လွတ်လပ်ခွင့် ရှိလာပါတယ်”လို့ ပြောပါတယ်။