အလွတ်တည်ကန်ဘော(Set-piece)နဲ့ပတ်သက်လို့ ပွင့်ပွင့်လင်းလင်းဝန်ခံပြောဆိုလိုက်တဲ့ အန်းစလော့
အန်းစလော့က အန်ဖီးလ်မှာ အက်စတွန်ဗီလာနဲ့ရင်ဆိုင်ရချိန် ကာလရှည်နိုင်ပွဲပျောက်ဆုံးမှုကို ရပ်တန့်ပစ်လိုတဲ့ ဆန္ဒသဘောထားကို လီဗာပူးကစားသမားတွေ ပြသခဲ့တယ်လို့ ပြောပါတယ်။
မာဆေးဆိုဒ်ဆီ ဗီလာတွေ မရောက်ရှိလာခင်အထိ ပရီးမီးယားလိဂ်နောက်ဆုံးလေးပွဲဆက်တိုက် ကြိုးကြာနီတွေ နိုင်ပွဲပျောက်ဆုံးခဲ့ပါတယ်။ အခုပွဲစဉ်မှာတော့ သူတို့တွေက မိုဆာလက်ရဲ့ လီဗာပူးကစားသမားဘ၀ ဂိုး ၂၅၀ မြောက်အပြင် ဒဏ်ရာမှပြန်သက်လာတဲ့ ဂရာဗန်ဘတ်ချ်ရဲ့သွင်းဂိုးနဲ့အတူ ၂-၀ ဂိုးဆိုတဲ့ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။
ဒီရလဒ်ပိုင်းကြောင့် လာမယ့်ရက်ပိုင်းအတွင်း အန်ဖီးလ်ဆီ ရောက်ရှိလာတော့မယ့် အာနိုးလ်နဲ့ အလွန်ဆိုတို့ရဲ့ ရီးရဲလ်မက်ဒရစ်ကို ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်အပါအဝင် လာမယ့်သီတင်းပတ်ကုန်၊ မန်စီးတီးနဲ့ရင်ဆိုင်ရမယ့် ပွဲစဉ်မတိုင်ခင် လီဗာပူးအတွက် ကောင်းမွန်တဲ့ပြင်ဆင်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ပရီမီးယားလိဂ်နောက်ဆုံးလေးပွဲဆက်ရှုံးနိမ့်ပြီးနောက် သူ့အသင်းဟာ ဒီမှတ်တမ်းဆိုးကို ရပ်တန့်ပစ်ဖို့ လိုလားခဲ့တယ်လို့ အန်းစလော့က ရှုမြင်နေပါတယ်။
TNT Sports နဲ့တွေ့ဆုံချိန် အန်းစလော့က “ ကစားသမားတွေနဲ့ ပရိသတ်တွေအပါအဝင် လူတိုင်းက အခုပွဲစဉ်ရဲ့အရေးပါမှုကို ခံစားမိခဲ့တယ်လို့ ထင်ပါတယ်။ ကစားသမားတွေကိုယ်တိုင်လည်း ခြေစွမ်းပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ပွဲစဉ်အနည်းငယ်မှာဆိုရင် ပွဲအစငါးမိနစ်မှာတင် ကျွန်တော်တို့တွေ ဦးဆောင်ဂိုးပေးခဲ့ရသလို ပြိုင်ဘက်အတွက် တိုင်ထိသွားတဲ့ အခွင့်အရေးတစ်ကြိမ်လည်း ရှိခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော့်အမြင်အရ ပရိသတ်တွေနဲ့ ကစားသမားတွေကိုယ်တိုင်လည်း သူတို့တွေ ဒီနေရာမှာရှိနေသေးတယ်ဆိုတာ ပြသဖို့ အချိန်ကောင်းရောက်ပြီလို့ ခံစားမိခဲ့ပုံရပါတယ်”လို့ ပြောပါတယ်။
လီဗာပူးနည်းပြဘဝဗွေဆော်ဦးဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့တဲ့ အန်းစလော့ကို အမှတ်ပေးဇယားနဝမနေရာအထိ ရောက်ရှိသွားတာ မြင်တွေ့ရပြီးနောက် အက်စတွန်ဗီလာကို အနိုင်ရရှိမှုနဲ့အတူ အမှတ်ပေးဇယားထိပ်ဆုံးသုံးသင်းစာရင်းမှာ ပြန်လည်ပါဝင်လာခဲ့ပါတယ်။ အန်းစလော့က “ နည်းပြဘဝမှာ ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ ပထမဆုံးအကြိမ်ဆုတ်ယုတ်မှု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ပရီးမီးယားလိဂ်မှာ ကွာဟချက်ဆိုတာ အလွန်ကျဉ်းမြောင်းပါတယ်။ ဒါကိုလည်း ပွဲစဉ်တိုင်းမှာ မြင်တွေ့နိုင်ပါတယ်။ အခုတော့ ကျွန်တော်တို့ရဲ့အခြေအနေ ကောင်းနေပါတယ်။ အရမ်းကောင်းနေတဲ့ အခြေအနေမျိုးပါ။ တခြားပွဲစဉ်တွေမှာလည်း ဒီလိုပါပဲ၊ ဒါကို မဖြစ်မနေလုပ်သွားနိုင်ရပါမယ်”လို့ ဆိုပါတယ်။ ဆက်လက်ပြီး ဒတ်ချ်လူမျိုးနည်းပြက မော်ဒန်ဘောလုံးလောကအပြင် ပရီးမီးယားလိဂ်မှာပါ ရေပန်းစားလူကြိုက်များနေတဲ့ အလွတ်တည်ကန်ဘော(Set-piece)တွေရဲ့ အရေးပါမှုကို အလေးပေးပြောကြားခဲ့ပါတယ်။
သူက “ ဘယ်အရာတွေ ကောင်းပြီး ဘယ်အရာတွေ မကောင်းသလဲဆိုတာကို ကျွန်တော်တို့ ဖြေရှင်းသွားရပါမယ်။ အခြားပွဲစဉ်အချို့မှာဆိုရင် ကျွန်တော်တို့က ရူးကြောင်ကြောင်ဂိုးတွေ ခွင့်ပြုပေးခဲ့ပါတယ်။ ဒီနေ့အတွက် အဓိကကွာခြားချက်က Set-piece မှတဆင့် ဂိုးမပေးရခြင်းပါပဲ။ ဘာကြောင့်လဲဆိုတော့ ပရီးမီးယားလိဂ်ပွဲစဉ်တိုင်းမှာ Set-piece တွေ အလွန်အရေးပါနေလို့ ဒီကွာခြားချက်က အလွန်အရေးကြီးပါတယ်”လို့ ပြောပါတယ်။