
ရိုဒရီဂိုရဲ့အနာဂတ်နဲ့စပ်လျဉ်ပြီး နောက်ဆုံးအခြေအနေကို ဖွင့်ဟပြောကြားလာတဲ့ အလွန်ဆို
ဆန်တီယာဂိုဘာနေဗျူးမှ ဘရာဇီးတိုက်စစ်မှူးရိုဒရီဂို ထွက်ခွာမယ်ဆိုတဲ့အသင်းတွေအပေါ် ရီးရဲလ်မက်ဒရစ်နည်းပြဇာဘီအလွန်ဆိုက တုံ့ပြန်လိုက်ပါတယ်။ ရိုဒရီဂိုနဲ့ပတ်သက်ပြီး အပြောင်းအရွှေ့ကောလာဟလတွေကို ဆက်တိုက်ပေါ်ပေါက်နေပေမယ့် အလွန်ဆိုကတော့ ကစားသမားရဲ့အသင်းအပေါ်ထားရှိတဲ့ ကတိကဝတ်ကိုသာ အဓိကအာရုံစိုက်ထားတယ်လို့ ရှင်းပြခဲ့ပါတယ်။ အိုဆာဆူနာနဲ့ရင်ဆိုင်ရမယ့် လာလီဂါရာသီအဖွင့်ပွဲစဉ်မတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အလွန်ဆိုက ဘရာဇီးတိုက်စစ်မှူးထွက်ခွာသွားနိုင်မယ့်အလားအလာနဲ့ပတ်သက်တဲ့ မေးခွန်းတွေကို ဖြေကြားပေးဖို့ ငြင်းဆန်သွားခဲ့ပါတယ်။
အခုနွေရာသီကာလတလျှောက်လုံး ရိုဒရီဂိုရဲ့အနာဂတ်လှုပ်ခတ်နေခဲ့ပြီး မန်စီးတီးအသင်းရဲ့ သိသာထင်ရှားတဲ့ ကမ်းလှမ်းမှုတစ်ခုနဲ့ ချိတ်ဆက်ထားခဲ့ပါတယ်။အခုအချိန် တိုက်စစ်မှူးကိုယ်တိုင်လည်း ဆန်တီယာဂိုဘာနေဗျူးမှာ ပွဲထွက်ခွင့်တစ်နေရာရရှိဖို့ ဗင်နီးစီးယက်စ်အပြင် အမ်ဘာပေ၊ အန်းဒရစ်ခ်တို့လို ပုံရိပ်မြင့်မားတဲ့ အသင်းဖော်တွေနဲ့ ယှဉ်ပြိုင်သွားရပါလိမ့်မယ်။ အလွန်ဆိုကတော့ ပြိုင်ဆိုင်မှုပြင်းထန်လှတဲ့ အသင်းလူစာရင်းတစ်ခုရဲ့ပတ်ဝန်းကျင်မှာ ကိုယ့်ရဲ့ဇွဲလုံ့လကို သက်သေပြနိုင်ရန် ကစားသမားရဲ့တာဝန်သာ ဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
သတင်းထောက်တွေနဲ့တွေ့ဆုံချိန် အလွန်ဆိုက “ အခုနွေရာသီတလျှောက်လုံး ကောလာဟလတွေ အများကြီး ထွက်ပေါ်ခဲ့ပါတယ်။ ရိုဒရီဂိုကတော့ အကောင်းဆုံးလုပ်ဆောင်နေပါတယ်။ ကျွန်တော်က ကစားသမားတိုင်းအပေါ် အားကိုးအားထားပြုပြီး သူတို့တွေအကုန်လုံး အသင်းအတွက် ရာနှုန်းပြည့်ရှိနေဖို့ကိုပဲ လိုလားပါတယ်။ အခုအချိန်မှာ ဒီကိစ္စကိုပဲ တွေးပူမိသလို ဒီကိစ္စအတွက်ပဲ အချိန်ကုန်နေပါတယ်”လို့ ပြောပါတယ်။
ဘရာဇီးသားက အိုဆာဆူနာနဲ့ရင်ဆိုင်ရမယ့် လာလီဂါရာသီအဖွင့်ပွဲစဉ်အတွက် အလွန်ဆိုရဲ့လူစာရင်းမှာ ပါဝင်နိုင်ဖို့ အကြိတ်အနယ်ကြိုးစားသွားရပါလိမ့်မယ်။ အပြောင်းအရွှေ့ဈေးကွက် ဖွင့်လှစ်ထားဆဲဖြစ်လို့ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့လည်း ထင်ကြေးပေးမှုတွေ ဆက်ရှိနေပါလိမ့်မယ်။ သူက အသင်းကြယ်ပွင့်သစ်တွေနဲ့အတူ ရီးရဲလ်မက်ဒရစ်ရဲ့ အနာဂတ်စီမံကိန်းမှာ အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်ရှိနေဆဲဖြစ်တယ်ဆိုတာ သက်သေပြနိုင်ဖို့ လေ့ကျင့်ရေးနဲ့ ပွဲစဉ်တိုင်းမှာ အထင်ကြီးလောက်စရာစွမ်းဆာင်ရည်မျိုး ပြသသွားရပါလိမ့်မယ်။