The network connection is lost.

Banner Image

ပေါင် ၁ ဘီလီယံခန့်နဲ့ ယူနိုက်တက်က ထိပ်ဆုံးမှာ ဦးဆောင်ထားတဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး အသင်း ၂၀ စာရင်း

ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်ရေးအတွက် ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကာလမှာ ပေါင်သန်း ၁၈၀ ခန့် သုံးစွဲခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ဟာ ကမ္ဘာ့ဈေးအကြီးအသင်း အသင်း ၂၀ စာရင်းမှာ ချဲလ်ဆီးနဲ့ မန်ချက်စတာစီးတီးတို့ကို ကျော်ဖြတ်ပြီး ထိပ်ဆုံးမှာရပ်တည်နေတာဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့နွေရာသီမှာ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က ၎င်းရဲ့လူစာရင်းကို ထပ်မံအားဖြည့်တဲ့အနေနဲ့ အတ္တလန္တာမှ ဟွိုက်လန်း (ပေါင် ၇၂ သန်း) ချဲလ်ဆီးကွင်းလယ်လူ မေဆင်မောင့်(ပေါင်သန်း ၆၀)၊ နဲ့ အင်တာမီလန်ဂိုးသမား အန်ဒရေအိုနာနာ (ပေါင် ၄၇ သန်း) တို့ကို ခေါ်ယူခဲ့ပါတယ်။ ဒါ့အပြင် နယ်သာလန်သားဟာ ပြီးခဲ့တဲ့နှစ်နွေရာသီကလည်း မာလာစီယာ၊ မာတီနက်ဇ်၊ အဲရစ်ဆင်နဲ့ ကတ်စမဲရိုးတို့အပြင် ပေါင် ၈၅ ဒဿမ ၅ သန်းတန် အန်တိုနီတို့ကို ခေါ်ယူအားဖြည့်ခဲ့ပြီးဖြစ်ပါတယ်။
 
တန်ဟက် မရောက်ရှိခင်မှာလည်း အိုးလ်ထရက်ဖို့ဒ်မှာ ယူနိုက်တက်ရဲ့ တန်ကြေးမြင့်ခေါ်ယူမှုတွေ အဖြစ် ဟယ်ရီမက်ဂွါရီ(ပေါင်သန်း ၈၀)၊ ဂျေဒန်ဆန်ချို (ပေါင် ၇၃ သန်း) နဲ့ ဘရူနိုဖာနန်ဒက်စ် (ပေါင်သန်း ၆၀ ) တို့ရှိနှင့်နေပြီးဖြစ်ပါတယ်။ အဆိုပါမြင့်မားတဲ့ သုံးစွဲမှုစရိတ်တွေကြောင့် ယခုအခါမှာတော့ ယူနိုက်တက်ဟာ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအသင်းအဖြစ် ပေါင် ၁ ဘီလီယံခန့်နဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတာဖြစ်ပါတယ်။
 
ဒုတိယနေရာမှာတော့ ချဲလ်ဆီးအသင်းက ရပ်တည်နေပြီး ၎င်းတို့ဟာလည်း ပေါင် ၁ ဘီလီယံခန့် အသုံးစရိတ် ရှိနေတာကြောင့် ယူနိုက်တက်နဲ့ မတိမ်းမယိမ်းဖြစ်နေပါတယ်။ ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ နှစ်အတွင်း အမှန်တကယ်ပင် ပေါင် ၁ ဘီလီယံအထိ အသုံးပြုခဲ့သော်လည်း အသင်းမှ ကစားသမားတွေကို ပြန်လည်ရောင်းချခဲ့မှုကြောင့် ဒုတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။
 
စတန်းဖို့ဘရစ်ချ်ရဲ့ ပြီးခဲ့တဲ့နွေရာသီအတွင်း ထွက်ခွာမှုတွေထဲမှာ ကိုင်ဟားဗက်ဇ်၊ မေဆင်မောင့်၊ ကူလီဘာလီ၊ ကိုဗာဆစ်နဲ့ မန်ဒီတို့ ပါဝင်ခဲ့သော်လည်း ချဲလ်ဆီးဟာ တော့ဘိုလီ ရဲ့ဦးဆောင်မှုနဲ့အတူ တန်းကြေးမြင့် ကစားသမားအများအပြားကို ပြန်လည်ခေါ်ယူထားနိုင်ခဲ့တာဖြစ်ပါတယ်။
 
ချဲလ်ဆီးဟာ ပြီးခဲ့တဲ့လက ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၁၁၅ သန်းနဲ့ ကိုင်စီဒိုကို မခေါ်ယူခင်မှာ ပေါင် ၁၀၇ သန်းနဲ့ အန်ဇိုဖာနန်ဒက်စ်ကို ခေါ်ယူခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် မာဒရစ် (ပေါင် ၉၇ သန်း)၊ ဖိုဖာနာ(ပေါင်သန်း ၇၀)၊ နဲ့ ကူကူရယ်လာ(ပေါင် ၆၂ သန်း)တို့က ကလပ်ရဲ့ တန်ဖိုးအကြီးဆုံးခေါ်ယူမှုတွေထဲမှာ ပါဝင်ခဲ့ကြသော်လည်း ကစားသမား ၃ ယောက်စလုံးဟာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။
 
တတိယနေရာမှာ လက်ရှိ သမိုင်းဝင်ဖလား ၃ လုံးချန်ပီယံ မန်ချက်စတာစီးတီးအသင်းက ရပ်တည်နေကာ ပပ်ဂွါဒီယိုလာဟာ ငွေကြေးအမြောက်အမြားသုံးစွဲပြီး အီတီဟတ် စူပါစတားအသင်းကို တည်ဆောက်ထားဆဲဖြစ်ပါတယ်။ လက်ရှိမှာအသင်းရဲ့ တန်ဖိုးအမြင့်ဆုံးခေါ်ယူမှုအဖြစ် ၂၀၂၁ ခုနှစ်မှာ အက်စတွန်ဗီလာမှ ပေါင်သန်း ၁၀၀နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဂျက်ခ် ဂရီးလစ်ရှ်က ရပ်တည်နေပြီး ပြီးခဲ့တဲ့ နွေရာသီအစောပိုင်းက ပေါင် ၇၈ သန်းနဲ့ ခေါ်ယူထားခဲ့တဲ့ ဂျီဗာဒီအောအပါအဝင် ကယ်ဘင်ဒီဘရိုင်းနဲ့ အာလင်ဟာလန်းတို့က ကလပ်ရဲ့ဈေးအကြီးဆုံး လူစာရင်းမှာ ပါဝင်နေကြပါတယ်။
 
အမ်ဘာပေကို ပိုင်ဆိုင်ထားတဲ့ လီဂူးဝမ်းချန်ပီယံ ပီအက်စ်ဂျီကတော့ စတုတ္ထနေရာမှာ ရပ်တည်နေပြီး ပဥ္စမနေရာမှာတော့ ပေါင် ၇၁၉ သန်းနဲ့ အာဆင်နယ်က ရပ်တည်နေပါတယ်။ အာဆင်နယ်ရဲ့ အသင်းသမိုင်းတစ်လျှောက်တန်ကြေးအမြင့်ဆုံး ကစားသမားဟာ အင်္ဂလန်ကွင်းလယ်လူ ဒီကလန်ရိုက်စ်ဖြစ်ပြီး ကစားသမားဟာပြီးခဲ့တဲ့ နွေရာသီအစောပိုင်းက ဝက်စ်ဟမ်းမှ ပေါင် ၁၀၅ သန်းနဲ့ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အာဆယ်နယ်ဟာ နွေရာသီအတွင်း ချဲလ်ဆီးတိုက်စစ်ကစားသမား ကိုင်ဟားဗက်ဇ်ကိုလည်း ပေါင် ၆၅ သန်းနဲ့ ခေါ်ယူခဲ့ပါသေးတယ်။
 
အာဆင်နယ်ရဲ့အောက်မှာတော့ တော့တင်ဟမ်(ပေါင် ၇၁၃ သန်း)၊ လီဗာပူး(ပေါင် ၆၆၂ သန်း)၊ ရီးရဲလ်မက်ဒရစ် (ပေါင် ၆၀၉ သန်း)၊ နယူးကာဆယ်(ပေါင် ၅၆၉ သန်း) နဲ့ ဝက်စ်ဟမ်း(ပေါင် ၄၃၄ သန်း)တို့က အသီးသီးရပ်တည်နေကြပါတယ်။ နံပါတ် ၁၁ နေရာမှာတော့ အက်စတွန်ဗီလာက ပေါင် ၄၁၈ သန်းနဲ့ ရပ်တည်နေပြီး ၎င်းရဲ့အောက်မှာ အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းကို ပေါင် ၁၀၄ သန်းနဲ့ ခေါ်ယူထားခဲ့တဲ့ ဘိုင်ယန်မြူးနစ်က ရပ်တည်နေပါတယ်။
 
ထို့နောက်မှာတော့ ဂျူဗင်တပ်စ်၊ အဲဗာတန်၊ လိုက်ပ်ဇစ်၊ နာပိုလီနဲ့ အက်သလက်တီကိုတို့ ရပ်တည်နေပြီး ဆော်ဒီကလပ် အယ်လ် ဟီလယ်က ဘာစီလိုနာကို ကျော်ဖြတ်ကာ အဆင့် ၁၈ နေရာမှာ ရပ်တည်နေပါတယ်။ အောက်ဆုံးအဆင့် နံပါတ် ၂၀ မှာတော့ မထင်မှတ်ထားတဲ့ ပရီးမီးယားလိဂ်ကလပ်အဖြစ် နော်တင်ဟမ်ဖောရက်စ်က ပေါင် ၃၁၄ သန်းနဲ့ ရပ်တည်နေပါတယ်။