The network connection is lost.

Banner Image

နောက်ရာသီပရီးမီးယားလိဂ်မှာ ယူနိုက်တက်ဘယ်အဆင့်အထိမျှော်မှန်းသင့်သလဲ ပြောကြားလာတဲ့ ဖာဒီနန်

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်နောက်ခံလူဟောင်း ရီယိုဖာဒီနန်က အသင်းအနေနဲ့ နောက်ရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားရဲ့ ဘယ်အဆင့်အထိ မျှော်မှန်းသင့်သလဲဆိုတာ ပြောကြားလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီမှာတော့ ယူနိုက်တက်ဟာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၅ နေရာမှာရပ်တည်ခဲ့ပါတယ်။ အဆိုပါအဆင့်ဟာ အသင်းရဲ့ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အနိမ့်ကျဆုံးဖြစ်ခဲ့ပြီး နည်းပြရူဘင်အာမိုရင်အနေနဲ့ နောက်ရာသီမှာတော့ ပိုမိုကောင်းမွန်တဲ့ရပ်တည်မှုမျိုး ရရှိနိုင်ဖို့ ကြိုးစားသွားရမှာဖြစ်ပါတယ်။ 

ယူနိုက်တက်ရဲ့တွဲဖက်ပိုင်ရှင် ဆာဂျင်မ်ရက်ကလစ်ဖ်ကတော့ ၂၀၂၈ ခုနှစ်မှာ အသင်းအတွက် ပရီးမီးယားလိဂ်အမှတ်ပေးဖလားကို ပြန်လည်ဆွတ်ခူးစေဖို့ အစီအစဉ်ဆွဲထားကြောင်းပြောကြားထားပေမယ့် ဖာဒီနန်ကတော့ နောက်ရာသီမှာ ယူနိုက်တက်ဟာ အဆင့် ၆ သာအမြင့်ဆုံးရနိုင်တယ်လို့ဆိုပါတယ်။ 

Mirror Sport နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ ဖာဒီနန်က "ဒီရာသီမှာ အဆင့် ၁၅ ပဲရခဲ့တယ်ဆိုရင် နောက်ရာသီမှာ အဆင့် ၆ နဲ့ အဆင့် ၈ ထက်ပိုရဖို့မရှိပါဘူး။ ဒီထက်ပိုပြီးမျှော်လင့်မယ်ဆိုရင်တော့ လက်တွေ့မဆန်တဲ့အတွေးအခေါ်ဖြစ်လာပါလိမ့်မယ်" လို့ပြောကြားခဲ့ပါတယ်။ 

ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်းမှာတော့ ယူနိုက်တက်ဟာ ကစားသမားသစ်ခေါ်ယူမှုအဖြစ် ဝုဗ်တောင်ပံကစားသမား မားသီးယက်စ်ကွန်ညာကိုခေါ်ယူထားခဲ့ပြီဖြစ်ပြီး တိုက်စစ်ပိုင်းကို ထပ်မံအင်အားဖြည့်တင်းဖို့အတွက် ဘရန့်ဖို့ဒ်တိုက်စစ်မှူး ဘရိုင်ယန်အမ်ဘွေမိုနဲ့ စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ဗစ်တာဂျိုကာရက်စ်တို့ကို ချိတ်ဆက်မှုတွေပြုလုပ်နေပါတယ်။တကယ်လို့ အာမိုရင်အနေနဲ့ ကစားသမားသစ်တွေထပ်မံခေါ်ယူနိုင်ခဲ့ခြင်းမရှိဘူးဆိုရင်တော့ ယူနိုက်တက်ဟာ ဖာဒီနန်ခန့်မှန်းထားတဲ့ အဆင့် ၈ နေရာမှာရပ်တည်ဖို့တောင် မသေချာတဲ့အခြေအနေမှာရှိနေပါတယ်။