
အမ်ဘာပေကို ပွဲထွက်ခွင့်ပေးဖို့ ရှိ၊မရှိ ထုတ်ပြောဖို့ဆိုတာ အချိန်စောနေသေးတယ်လို့ ရှင်းပြလိုက်တဲ့ အလွန်ဆို
ဒေါ့မွန်နဲ့ရင်ဆိုင်ရမယ့် ကလပ်ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်အတွက် အမ်ဘာပေကို ပွဲထွက်ခွင့်ပေးရန်ရှိ၊မရှိ ဆုံးဖြတ်ဖို့ အချိန်စောနေပါသေးတယ်လို့ ရီးရဲလ်မက်ဒရစ်နည်းပြဇာဘီအလွန်ဆိုက ပြောပါတယ်။ ရီးရဲလ်မက်ဒရစ်ရဲ့အုပ်စုပွဲစဉ်အားလုံးကို လွဲချော်ပြီးနောက် အမ်ဘာပေက အခုကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း သူ့ရဲ့ပွဲဦးထွက်အဖြစ် ဂျူဗင်တပ်စ်ကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိတဲ့ပွဲစဉ်မှာ ပါဝင်ကစားခဲ့ပါတယ်။
သောကြာနေ့သတင်းစာရှင်းလင်းပွဲအတွင်း အလွန်ဆိုက “ တဖြည်းဖြည်းတော့ အမ်ဘာပေ ပိုကောင်းလာပါပြီ။လွန်ခဲ့တဲ့သုံးရက်အတွင်းမှာ သူ အတော်လေးတိုးတက်လာခဲ့ပါတယ်။ မနက်ဖြန်ကျမှသာ သူ့ကို ပွဲထွက်ခွင့်ပေးမလားဆိုတာ ကျွန်တော်တို့ ဆုံးဖြတ်သွားပါမယ်”လို့ ပြောပါတယ်။ အမ်ဘာပေက ပြိုင်ပွဲအစောပိုင်းကာလတွေမှာ ဆေးရုံတက်ကုသမှုခံယူခဲ့ပြီး အသင်းဖော်တွေနဲ့ ပူးပေါင်းခွင့် မရရှိခဲ့ပါဘူး။
သူမကစားနိုင်ချိန်တွေမှာ အလွန်ဆိုရဲ့အသင်းက တိုက်စစ်ပိုင်းအတွက် ဂွန်ဇာလိုဂါစီယာကို အသုံးပြုခဲ့ပြီး အသက်-၂၁ နှစ်အရွယ် အကယ်ဒမီထွက်တိုက်စစ်မှူးကိုယ်တိုင်လည်း ပြိုင်ပွဲကာလမှာ သုံးဂိုးသွင်း၊ တစ်ဂိုးဖန်တီးရင်း အထင်ကြီးလောက်စရာ စွမ်းဆောင်ရည်မျိုးကို ပြသသွားခဲ့ပါတယ်။ အလွန်ဆိုက “ ကျွန်တော့်အမြင်အရ အမ်ဘာပေနဲ့ ဂါစီယာဟာ တစ်ဦးနဲ့တစ်ဦး လိုအပ်ချက်ရှိလာရင် ဖြည့်ဆည်းပေးနိုင်မယ့်သူတွေလို့ ထင်ပါတယ်။ တစ်ခုခုလုပ်သွားဖို့လိုအပ်မယ်ဆိုရင် ကျွန်တော်ကိုယ်တိုင်လည်း မျက်ကွယ်ပြုနေမှာမဟုတ်ပါဘူး”လို့ ပြောပါတယ်။
ဒေါ့မွန်နဲ့ရင်ဆိုင်ရမယ့် ကွာတားဖိုင်နယ်ပွဲစဉ်အတွက် အလွန်ဆိုက “ ဒေါ့မွန်ဆိုတာ အရမ်းကောင်းတဲ့အသင်းပါ။ ကိုဗက် ရောက်ရှိလာပြီးမကြာခင်မှာပဲ သူတို့တွေ တိုးတက်လာခဲ့ပါတယ်။ ကျွန်တော်တို့က ခက်ခဲတဲ့ပြိုင်ဘက်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး မနက်ဖြန်ပွဲစဉ်ဟာ အတော်လေးကြမ်းတမ်းပါလိမ့်မယ်”လို့ ဆိုပါတယ်။