
ဂါဇာကမ်းမြောင်ဒေသအတွက် ဂျော်ဂျီယာနဲ့ပွဲစဉ်လက်မှတ်ခအားလုံးကို လှူဒါန်းသွားမယ့် တူရကီ
တူရကီဘောလုံးအဖွဲ့ချုပ်(TFF)က အင်္ဂါနေ့၊ ဂျော်ဂျီယာနဲ့ရင်ဆိုင်ရတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှရရှိတဲ့ လက်မှတ်ခဝင်ငွေအားလုံးကို ဂါဇာကမ်းမြောင်ဒေသရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းများဆီ လှူဒါန်းသွားမယ်လို့ ယမန်နေ့(အောက်တိုဘာ ၁၄ ရက်)မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
တူရကီနိုင်ငံ၊ Izmit ရှိ Kocaeli အားကစားကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ(ဥရောပဇုန်) အုပ်စု-E ပွဲစဉ်မှာရရှိတဲ့ လက်မှတ်ခဝင်ငွေအားလုံးက လက်ရှိဖြစ်ပွားနေတဲ့ပဋိပက္ခကြောင့် အတိဒုက္ခရောက်နေတဲ့ အရပ်သားပြည်သူတွေကို အကူအညီပေးနေတဲ့ စီမံကိန်းတွေဆီ တိုက်ရိုက်ရောက်ရှိသွားပါလိမ့်မယ်။ အခုလိုအကူအညီပေးမှုဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖြစ်ဆိုးအပေါ် ကြံ့ကြံ့ခံကျော်ဖြတ်နေတဲ့ ဂါဇာပြည်သူတွေနဲ့အတူတကွရပ်တည်မှုအပြင် ဘောလုံးဆိုတာ အခက်ခဲဆုံးအချိန်မှာတောင် စည်းလုံးညီညွှတ်မှုအတွက် ပေါင်းကူးတံကားအဖြစ် လုပ်ဆောင်နိုင်တယ်ဆိုတာကို ပြသခြင်းဖြစ်တယ်လို့ TFF ရဲ့ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် TFF က ပရိသတ်ဦးရေ ၃၄,၀၀၀ ဆံ့အားကစားကွင်းဆီ ကွင်းလုံးပြည့်လျှံလာရောက်ပြီး နိုင်ငံ့လက်ရွေးစင်အသင်းအပေါ် ထောက်ခံအားပေးမှုနဲ့ လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းတွေမှာ အတူတကွပါဝင်ပံ့ပိုးကူညီပေးကြဖို့ တူရကီပြည်သူတွေဆီ တိုက်တွန်းခဲ့ပါတယ်။
ဒီလှုပ်ရှားမှုက တူရကီရဲ့ပိုပိုကျယ်ပြန်တဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာရပ်တည်ချက်နဲ့ ကိုက်ညီမှုရှိပြီး ဂါဇာကမ်းမြောင်ဒေသဆီ အကူအညီတွေပေးပို့ဖို့ အမျိုးသားရေးအဆင့်ကြိုးပမ်းလုပ်ဆောင်နေမှုကိုလည်း ဖော်ပြပေးနိုင်ပါတယ်။ အခုကွင်းဝင်ကြေးရန်ပုံငွေတွေကို ဘယ်အဖွဲ့အစည်းတွေဆီ ပို့ဆောင်လှူဒါန်းမလဲဆိုတာ TFF မှ မထုတ်ပြန်ခဲ့ပေမဲ့ ဒေသတွင်းအသိအမှတ်ပြုကယ်ဆယ်ရေးအေဂျင်စီတွေဆီ ခွဲဝေလှူဒါန်းသွားမယ်လို့ မျှော်လင့်ရပါတယ်။
ကွင်းတွင်းမှာတော့ တူရကီက ဂျော်ဂျီယာကို ၄-၁ ဂိုးဖြင့် အနိုင်ယူပြီး အုပ်စုဗိုလ်စပိန်နဲ့သုံးမှတ်အကွာ၊ အုပ်စုဒုတိယမှာ ဆက်လက်ရပ်တည်နေပါတယ်။ အခုကမ္ဘာ့ဖလားခြေစစ်ပွဲ(ဥရောပဇုန်)စည်းမျဉ်းတွေအရ အုပ်စုဗိုလ်က ခြေစစ်ပွဲတိုက်ရိုက်အောင်မြင်ပြီး အုပ်စုဒုတိယရရှိတဲ့အသင်းကတော့ Play-off အဆင့်ယှဉ်ပြိုင်ခွင့် ရရှိပါလိမ့်မယ်။