
မြင့်မားလှတဲ့ပြောင်းရွှေ့ကြေးကြောင့် ဖလော်ရီယန်ဝစ်ဇ်ကို မခေါ်ယူနိုင်ခဲ့ဘူးလို့ ဝန်ခံလိုက်တဲ့ ဘိုင်ယန်မြူးနစ်
လီဗာပူးရဲ့မြင့်မားလှတဲ့ပြောင်းရွှေ့ကြေးကမ်းလှမ်မှုအပြီး ဖလော်ရီယန်ဝစ်ဇ်ကိုခေါ်ယူနိုင်ရေး ကြိုးပမ်းမှုမှာ ကျရှုံးခဲ့တယ်လို့ ဘိုင်ယန်မြူးနစ်အားကစားဒါရိုက်တာ မာ့ခ်အီဘယ်လ်က အတိအလင်းဝန်ခံပြောဆိုခဲ့ပါတယ်။ အလွန်ဆိုလက်အောက် လေဗာကူဆင်မှာ တောက်ပတဲ့ဘောလုံးရာသီနှစ်ခု ပိုင်ဆိုင်ခဲ့တဲ့ အသက်-၂၂ နှစ်အရွယ်ကစားသမားကို အခုနွေရာသီကာလအတွင်း အမိအရခေါ်ယူနိုင်ဖို့ ကလပ်အသင်းများစွာ စိတ်ဝင်စားလာခဲ့ပါတယ်။ ဒါပေမဲ့ ကစားသမားအတွက် လီဗာပူးကမ်းလှမ်းလာတဲ့ ပြောင်းရွှေ့ကြေးပမာဏကို အသင်းအနည်းစုလောက်သာ ယှဉ်ပြိုင်နိုင်စွမ်းရှိခဲ့ပြီး ဘွန်ဒက်စ်လီဂါချန်ပီယံဘိုင်ယန်မြူးနစ်တောင် အင်္ဂလန်ချန်ပီယံတွေရဲ့ငွေကြေးသုံးစွဲနိုင်စွမ်းကို မယှဉ်ပြိုင်နိုင်ခဲ့ပါဘူး။
ဖလော်ရီယန်ဝစ်ဇ်အတွက် အပိုထပ်ဆောင်းဆုကြေး ပေါင် ၁၄ သန်း(ဒေါ်လာ ၁၉ သန်း)နဲ့အတူ ပေါင်သန်း ၁၀၀ (ဒေါ်လာ ၁၃၆ သန်း) အထိ လီဗာပူးက လေဗာကူဆင်ဆီ ပေးချေမယ်ဆိုတဲ့ ကောလာဟလတွေသာ အမှန်တကယ်ဖြစ်မယ်ဆိုရင် ဂျာမန်တက်သစ်စဘောလုံးကြယ်ပွင့်က ဗြိတိန်သမိုင်းတလျှောက် ပြောင်းရွှေ့ကြေးအမြင့်ဆုံးကစားသမား ဖြစ်လာပါလိမ့်မယ်။ အလွန်ဆိုလက်အောက်မှာတုန်းကလိုပဲ အစွမ်းအစတွေကို ဆက်ထိန်းထားမယ်ဆိုရင် ဖလော်ရီယန်ဝစ်ဇ်က ပရီးမီးယားလိဂ်မှာ အခြေမကျစရာ ဘာအကြောင်းမှမရှိပါဘူး။
မာ့ခ်အီဘယ်လ်က “ အရိုးသားဆုံးပြောရရင် လီဗာပူးပေးသလောက် ကျွန်တော်တို့ပေးချေနိုင်ပါ့မလားဆိုတာ ကျွန်တော်တို့ကိုယ်တိုင်လည်း မသိတော့ပါဘူး။ ဖလော်ရီယန်ဝစ်ဇ်ဆိုတာ ထူးချွန်တဲ့ဘောလုံးသမားတစ်ဦးပါ။ ကျွန်တော်တို့လည်း သူ့ကိုခေါ်ယူဖို့ စိတ်ကူးကြည့်ဖူးပါတယ်။ ဒါပေမဲ့ တံခါးတစ်ချပ်ပိတ်သွားရင် နောက်တံခါးတစ်ချပ် ပြန်ပွင့်လာပါလိမ့်မယ်”လို့ Sky Germany ဆီ ပြောကြားပါတယ်။
ဖလော်ရီယန်ဝစ်ဇ်ရဲ့လီဗာပူးဆီပြောင်းရွှေ့မှုက ကစားသမားကိုယ်တိုင် အားလပ်ရက်ယူထားလို့ အပြီးမသတ်နိုင်သေးပါဘူး။ ဒါပေမဲ့ ဘိုင်ယန်မြူးနစ်လို အခြားထိပ်တန်းကလပ်အသင်းတွေတောင် လီဗာပူးရဲ့ ဘဏ္ဍာရေးအင်အားတောင့်တင်းမှုကို ယှဉ်ပြိုင်နိုင်စွမ်းမရှိဘဲ ဘေးထွက်ထိုင်နေရလို့ အန်းစလော့ရဲ့လေ့ကျင့်ရေးကွင်းဆီ ဖလော်ရီယန်ဝစ်ဇ်ရောက်ရှိလာဖို့ အချိန်အတိုင်းအတာတစ်ခုလောက်ပဲ စောင့်သွားရပါလိမ့်မယ်။