The network connection is lost.

Banner Image

ယူနိုက်တက်က အများကြီးရင့်ကျက်ဖို့လိုအပ်နေသေးကြောင်း အာမိုရင်ဝန်ခံ

မန်ချက်စတာယူနိုက်တက်နည်းပြရူဘင်အာမိုရင်က ယမန်နေ့ညကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဖူလ်ဟမ်ကို ၁-၁ နဲ့သရေကျပြီးနောက် အသင်းအနေနဲ့ လက်ရှိအခြေအနေထက် အများကြီးရင့်ကျက်လာဖို့လိုအပ်နေသေးကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ ယူနိုက်တက်ဟာ ဖူလ်ဟမ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ဖူလ်ဟမ်တိုက်စစ်မှူး ရိုဒရီဂိုမူနစ်ဇ်ရဲ့ OG ကြောင့် ပွဲကစားချိန် ၅၈ မိနစ်မှာ စတင်ဦးဆောင်နိုင်ခဲ့ပေမယ့် လူစားဝင်ကစားသမား စမစ်သ်ရိုးရဲ့ ချေပဂိုးကိုကြောင့် သရေတစ်မှတ်နဲ့သာကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ 

ဒါကြောင့် အဖွင့်ပွဲမှာ အာဆင်နယ်ကို ၀-၁ နဲ့အရေးနိမ့်ထားခဲ့တဲ့ ယူနိုက်တက်ဟာ အခုချိန်အထိ နိုင်ပွဲမရသေးဘဲ လာမယ့်ပွဲစဉ်မှသာ ၂၀၂၅-၂၆ ရာသီ ပထမဆုံးပရီးမီးယားလိဂ်နိုင်ပွဲကို ရရှိနိုင်ဖို့ ကြိုးစားသွားရမှာဖြစ်ပါတယ်။ ယခုအခါမှာ အာမိုရင်က သူ့အနေနဲ့ အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေကို အားရကျေနပ်မိပေမယ့် ပွဲတွေကစားရာမှာတော့ တိုးတက်မှုတွေလိုအပ်နေသေးတယ်လို့ ပြောကြားလာခဲ့ပါတယ်။

ပေါ်တူဂီသားနည်းပြက "ကျွန်တော်တို့ ဦးဆောင်ဂိုးရပြီးနောက်ပိုင်းမှာ ကစားပုံပျက်သွားပါတယ်။ ကျွန်တော်တို့ အနိုင်ရဖို့ အရမ်းစိတ်အားထက်သန်နေပါတယ်။ ဒါက ကောင်းပေမယ့် အခွင့်အရေးကိုအသုံးချပြီး အနိုင်ရလဒ်ကို ဆုပ်ကိုင်နိုင်ဖို့လိုပါတယ်။ အသင်းတစ်သင်းအနေနဲ့ အခုထက်ပိုပြီး တိုးတက်ဖို့နဲ့ ရင့်ကျက်ဖို့လိုနေပါတယ်။ လေ့ကျင့်ရေးကွင်းမှာ ကစားသမားတွေ အရမ်းကြိုးစားနေကြပါတယ်။ ဒါကြောင့် အသင်းက တိုတးက်လာမှာတော့ သေချာပါတယ်" လို့ပြောကြားခဲ့ပါတယ်။

လာမယ့်ကြာသပတေးနေ့မှာတော့ ယူနိုက်တက်ဟာ ကာရာဘောင်ဖလား ဒုတိယအဆင့်ပွဲစဉ်အဖြစ် အင်္ဂလန်လိဂ်တူးကလပ် ဂရင်စ်ဘီနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ၂၀၂၅-၂၆ ဘောလုံးရာသီအတွင်း ပထဆုံးနိုင်ပွဲကို စတင်ရယူနိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်အပြီး စနေနေ့မှာ အာမိုရင်ရဲ့အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘန်လေကို အိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံကစားသွားရပါမယ်။